မြောက်ဦး ရှေးဟောင်း အမွေအနှစ်ဇုံတွင် နေအိမ်များ ဆောက်လုပ်နေ

မြောက်ဦး ရှေးဟောင်း အမွေအနှစ်ဇုံတွင် နေအိမ်များ ဆောက်လုပ်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေ့ဟောင်း ယဉ်ကျေးမူ အမွေအနှစ်ဇုံတွင် လူနေအိမ်များ ဆောက်လုပ် နေကြောင်း သတင်း ရရှိသည်။

၎င်းလူနေအိမ်များကို မြောက်ဦးမြို့ သျှစ်သောင်းဘုရားနှင့် ရတနာပုံ စေတီအနီးတွင် တည်ဆောက်နေခြင်း ဖြစ်ကြောင်း ရှေ့ ဟောင်းသုတေသန ညွန်ကြားရေးမှူ (ငြိမ်း) ဆရာ ကျော်ထွန်းအောင်ကပြောသည်။

“ လူနေအိမ်က စုစုပေါင်း ၂၀ ခန့် ရှိမယ်ထင်ပါတယ်။ ယခုလ အစောပိုင်းက ၀င် ရောက် ဆောက်လုပ်နေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

shitthaung

ယခုကဲ့သို့  ရခိုင်ရှေ့ဟောင်းအမွေအနှစ်ဇုံတွင် လူနေအိမ်များ ဆောက် လုပ်နေပါက မြောက်ဦးကိုကမ္ဘာ့ အမွေအနှစ် စာရင်းတွင် ထည့်သွင်းရန် ခက်ခဲသွားနိုင်သဖြင့် သတိပြုသင့်ကြောင်း ၎င်းက ဆိုသည်။

“ ရှေ့ဟောင်း ယဉ်ကျေးမှုဇုံ အတွင်းမှာ အဆောက်အဦးတွေ ဆောက်လုပ်ရင် UNESCO ကမ္ဘာ့ ယဉ်ကျေးမှု စာရင်း ထဲမှာဝင်ဖို့အတွက် အများကြီးခက်ခဲသွားပါလိမ့်မယ်။ လူတိုင်း သတိပြုသင့်ပါတယ်။”

ယခု အိမ်ယာ ဆောက်လုပ်နေသည်ကို မည်သည့်ဌာန၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေသည်ကို မသိရှိရသေး ကြောင်း ဆရာက ဆက်ပြောသည်။

“ အဲဒီ အိမ်တွေကို ဘယ်က ခွင့်ပြုတယ်ဆိုတာတော့ မသိဘူး။ ကျွန်တော်တို့က ကြားတာက လက်မှတ်အတု တွေနဲ့ ဆောက်နေတာလို့ကြားတယ်။ ယဉ်ကျေးမှုးဌာနကလည်း ခွင့်မပြုလို့ သိရပါတယ်။”

နေအိမ်များကို ဆောက်လုပ်ရေးကုမ္ပဏီများမှ  ဆောက်လုပ်နေခြင်း မဟုတ်ဘဲ ပုဂ္ဂလိများက ဆောက်လုပ်နေ သော နေအိမ်များသာဖြစ်ကြောင်း သိရသည်။

လူနေအိမ်များ ဆောက်လုပ်နေခြင်းကို ရှေ့ဟောင်းယဉ်ကျေးမှုဌာနမှ လာရောက်ကြည့်ရှုပြီး ဓါတ်ပုံမှတ် တမ်များ ယူသွား သော်လည်း ယနေ့တိုင် တစုံတရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။

၂၀၁၂ ခုနှစ် မေလအတွင်းက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ရန်ပုံငွေအဖွဲ့ (Global Heritage Fund) က အာရှ တိုက်တွင် ပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရှေ့ဟောင်းနေရာ ၁၀ ခုတွင် ရခိုင်ပြည်နယ်မှ မြောက်ဦးမြို့လည်းပါ၀င်ကြောင်း ကျေညာထားသည်။

မကြာသေးမီ ရက်ပိုင်းအတွင်ကလည်း မြောက်ဦးမြို့ သျှစ်သောင်းဘုရားအနီးတွင် သတ်မှတ်ချက်ထက် ပိုပြီးလယ်ယာစိုက်ပျိုးမှုများရှိနေကြောင်း သိရသည်။

မြောက်ဦးမြို့သည် ရခိုင်တို့၏ နောက်ဆုံးမင်းနေ မြို့တော် ဖြစ်ပြီး  မြို့အနီးဝန်းကျင်တွင် ရခိုင်အမျိုးသား တို့၏ ရှေ့ဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ဘုရား၊ ကျောင်း၊ကန်၊ စေတီ၊ ပုထိုးများ များစွာတည်ရှိ သည့်အတွက် ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားသည့် နေရာလည်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်ကလည်း မြောက်ဦးမြို့ ရှေ့ဟောင်းအမွေအနှစ်များရှိသည့် နေရာများမှ ရထားလမ်း နှင့် စစ်တွေ၊ ရန်ကုန်ကားလမ်းဖောက်လုပ်မှုကြောင့် သဇင်တံဘုရားအပါအဝင် ရှေးဟောင်း အမွေအနှစ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

Most read this week