သစ်ခိုးထုတ်မှူကြောင့် မေယူတောင်တန်းတွင် သစ်တော အကြီးအကျယ် ပြုန်းတီးနေ

သစ်ခိုးထုတ်မှူကြောင့် မေယူတောင်တန်းတွင် သစ်တော အကြီးအကျယ် ပြုန်းတီးနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် နယ်စပ်တွင် တာဝန်ကျ  ပျက်ဝန်ထမ်းတချို့က  ဒေသအတွင်း စီးပွားရေး သမားများနှင့် ပူးပေါင်းကာ  မေယူတောင်တန်းမှ သစ်များကို ခိုးထုတ်နေသဖြင့် သစ်တောများ အကြီးအကျယ် ပြုန်းတီးလျှက် ရှိကြောင်း သတင်း ရရှိသည်။

ထိုကဲ့သို့ သစ်ခိုးထုတ်မှုကြောင့် သစ်တောများ ပြုန်းတီးနေနေမှုကို  ဒေသခံ ပြည်သူများက အထက်သို့ စာရေး တိုင်ကြား ခဲ့ သည်ဟု ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက ဆိုသည်။

“ ဘူးသီးတောင်မြို့နယ် ကံကော်မြိုင် နတလ ရွာသားတွေက လွန်ခဲ့တဲ့ တပတ်ကျော်က အထက်ကို တင်ပြထားပါတယ်။ ကျွန်တော့်ကိုလည်း သူတို့ တင်ပြတာက  ဒီကိစ္စဟာ အရေး ကြီးပါတယ်။ အခုလို သစ်တွေ ခိုးထုတ်နေတဲ့ အတွက် ဒေသအတွင်းမှာလည်း မတည်ငြိမ်မူတွေ ရှိနေတယ်လို့ ပြောပါတယ်။”

ကံကော်မြိုင် (နတလ)  ကျေးရွာသည်  ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာ အထက်နားတွင် တည်ရှိပြီး ယခုအခါ ကျေးရွာသားများ အနေဖြင့် သစ်ခုတ်သမားများ၏ နှောင့်ယှက်ခြင်း၊ လယ်ယာစိုက်ခင်းများသို့ ၀င်ရောက်ပြီး အသီးအနှံများကို ခူးယူ စားသောက်ခြင်းများလည်းနှင့် ကြံုတွေ့ ရင်ဆိုင် နေရသည်ဟု ဆိုသည်။

ယခင်က သစ်ထုတ်လုပ်မူကို  နစက အမှတ် ၁၃ ညောင်ချောင်း စခန်းမှ ဒု တပ်ကြပ် တစ်ဦးက ဦးဆောင် လုပ်ကိုင်ခဲ့ပြီး နစက ကိုဖျက်သိမ်းလိုက်သော နောက်ပိုင်းတွင်လည်း  တရားမဝင် သစ်ထုတ်လုပ်မူမှာ ယခုထက်တိုင် တည်ရှိနေသေးသည်ဟု ဆိုသည်။

ရာချီ ရှိသော သစ်ခိုးထုတ်သူများသည် မေယုူတောင်ပေါ်တွင် အုပ်စုလိုက် အဖွဲ့များ ဖွဲ့ကာ တဲတန်းများထိုးပြီး ရက်ရှည်လများ နေထိုင်နေကြပြီး သူတို့အတွက် ရိက္ခာများကို သစ်စီးပွားရေး သမားများက ပို့ပေးကြသည်ဟု သိရသည်။

အထူးသဖြင့် သစ်ခုတ်သမားများမှာ မယူမြစ်  အရှေ့ဘက်ကမ်းမှ ဘင်္ဂလီကျေးရွာမှ ရွာသားများ  ဖြစ်ကြပြီး သူတို့၏ တောင်တက် သစ်ဝါးခုတ်ခွင့်ကို အရေးအခင်းပြီးကတည်းက အဆိုပါ ဒေသတွင် ပိတ်ပင်ထားသဖြင့် မေယူကမ်း အနောက်ဘက် မေယူတောင်တန်းတွင် တရားမဝင် သစ်ထုတ် လုပ်ရာတွင် လာရောက် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

ထိုသို့ သစ်ခိုးထုတ်သူ များပြားနေသဖြင့် ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ် နယ်စပ်တွင် သစ်စျေးမှာ အဆမတန် စျေးကျပြီး သစ်လုပ်သူ စီးပွားရေး သမားများ အနေဖြင့် အထူး အမြတ်အစွန်း ရနေသည်ဟု ရသေ့တောင်မြို့နယ် ကျောက်ရံ- သိန်တောင် ဒေသခံ တစ်ဦးက ပြောသည်။

မယူတောင်မှ ထွက်လာသော သစ်များကို ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာမှ တဆင့်  ဘူးသီးတောင်သို့ တင်ပို့ကြသလို ရသေ့တောင်မြို့နယ် ကျောက်ရံကျေးရွာမှ တဆင့် စစ်တွေမြို့သို့ စက်လှေများဖြင့် တင်ပို့ကြသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ တရားမဝင် သစ်ထုတ်လုပ်ရာတွင် ဒေသအသီးသီးမှ အမည်မသိသူ အများအပြား လာရောက် လုပ်ကိုင်နေသဖြင့်  ရခိုင်နှင့် မူဆလင်များ အကြား မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက် လာမည်ကို စိုးရိမ်သဖြင့် ကျေးရွာသားများက  မြို့နယ်နှင့်  ပြည်နယ်အဆင့် အစိုးရ တာဝန်ရှိသူများထံ တိုင်ကြားစာတွင် ဖေါ်ပြထားကြောင်း ဦးလှမောင်သိန်းက ဆိိုသည်။

Most read this week