စစ်တွေ ဘောဒူဘ ဒုက္ခသည် စခန်းတွင် အင်ဂျင်နီယာ စစ်ဆေးရေး အဖွဲ့ တိုက်ခိုက်ခံရ အရာရှိ တချို့ ဒဏ်ရာရ

စစ်တွေ ဘောဒူဘ ဒုက္ခသည် စခန်းတွင် အင်ဂျင်နီယာ စစ်ဆေးရေး အဖွဲ့ တိုက်ခိုက်ခံရ အရာရှိ တချို့ ဒဏ်ရာရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘောဒူဘ ဘင်္ဂလီ ဒုက္ခသည် စခန်းတွင် ဆောက်လုပ်နေသော လူနေအိမ် တန်းလျှားများကို သွားရောက် စစ်ဆေးသည့် အင်ဂျင်နီယာ အဖွဲ့ တစ်ခုအား ယနေ့တွင်  ဒုက္ခသည်များက ၀ိုင်းဝန်းတိုက်ခိုက်သည့် အတွက် ၀န်ထမ်း နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်း ရရှိသည်။

ကြေးမုံ သတင်းစာတွင် အကြမ်းဖက်မူများ၊ လူမျိုးရေးနှင့် ဘာသာရေး မုန်းတီးမူများ ပေါ်ပေါက်အောင် သွေးထိုး လူံ့ဆော်သူ မည်သူု့ကို မဆို လုံးဝ သည်းခံ ခွင့်လွှတ်် သွားမည် မဟုတ်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လန်ဒန်ရောက်ခိုက် ပြောဆိုကြောင်း စာလုံးမဲများဖြင့် ရေးသား ဖေါ်ပြသည့်နေ့တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသွားသူနှစ်ဦးမှာ ကိုခိုင်မင်းထွန်းနှင့် စာရင်းစစ်ရုံးမှ ဒုဦးစီးမှူး ဦးကျော်ဟိန်းတို့ ဖြစ်ကြသည်။

ခရိုင်အင်ဂျင်နီယာ ဦးကိုကိုအောင် ဦးစီးသော  အင်ဂျင်နီယာ အဖွဲ့ တစ်ခုသည် ယနေ့ နံနက်က ဘောဒူဘ ဘင်္ဂလီဒုက္ခသည် စခန်းတွင် တည်ဆောက်နေသည့် အိမ်တန်းလျား အဆောက်အဦးများ ဆောက်လုပ်ပြီးစီးမှု အခြေအနေကို သွားရောက်စစ်ဆေးစဉ် ရာနှင့်ချီသည့် ဘင်္ဂလီလူအုပ်စု တစ်ခုုက ထိုသို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု စစ်တွေ ဒေသခံ တစ်ဦးက ဆိုသည်။

“ သူတို့ စစ်ဆေးဖို့သွားတဲ့ အချိန်မှာ စစ်ဆေးရေးအဖွဲ့မှာပါတဲ့ သူတချို့ကို ဇွန်လ အရေးအခင်း တုန်းက သူတို့အိမ် တွေကို ဖြိုရာမှာပါတယ် ဆိုပြီး ဘင်္ဂလီတွေက တိုက်ခိုက်ကြတာလို့ သိရတယ်။ တချို့လည်း ဒဏ်ရာ ရသွားကြပါတယ်။”

တိုက်ခိုက်ခံရသည့် စာရင်းစစ်ရုံးမှ ဒုဦးစီးမှူး ဦးကျော်ဟိန်း ညာဘက် နံစောင်းတွင် ပေါက်ပြဲ ဒဏ်ရာ ရရှိသွားပြီး ဦးခိုင်မင်းထွန်းမှာ ဦးခေါင်း၊ နှာခေါင်းတို့မှ သွေးယိုထွက်ပြီး မျက် နှာများတွင်လည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ သူတို့ စီးလာသော ကားတချို့လည်း ပျက်စီးမှုရှိကြောင်း သိရသည်။

မင်းဂံရပ်ကွက်မှ ရခိုင်အမျိုးသား တစ်ဦးကလည်း အဆိုပါတိုက်ခိုက်မှုမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့သိရတာက သူတို့တာဝန်နဲ့ သွားတဲ့အချိန်မှာ တိုက်ခိုက်ခံရတယ်လို့ သိရတယ်။ အဲဒီအနား မှာရှိတဲ့ မီးသတ်က လူတွေကို မေးကြည့်တော့လည်း တိုက်ခိုက်ခံရတာ ဟုတ်တယ်လို့ မီးသတ်ကပြောပါတယ်။ သူတို့စီးသွားတဲ့ ကားတွေလည်း ပျက်စီးသွားတယ်လို့ သိရတယ်”

ဖြစ်ပွားပုံအသေးစိတ်ကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် သတင်းနှင့်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးဝင်းမြိုင်ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုံးထဲမှ တစ်စုံတစ်ရာ တုန့်ပြန် ပြောကြားခြင်း မရှိပါ။

တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူများမှာ စစ်တွေဆေးရုံကိုတင်ပို့ထားကြောင်း သတင်းများ ထွက်ပေါ် နေသော်လည်း ညနေ ၅ နာရီခွဲအထိ ဒဏ်ရာနှင့်လူနာ ဆေးရုံသို့ရောက်ရှိလာခြင်း မရှိသေးကြောင်း ဆေးရုံနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လွန်ခဲ့ ဧပြီလ ၂၆ ရက်နေ့ကလည်း သက်ကယ်ပြင် ဘင်္ဂလီဒုက္ခသည်စခန်းတွင် လူဦးရေစာရင်းကောက်ခံ သည့် အဖွဲ့ကို ဘင်္ဂလီ ဒုက္ခသည်များက တိုက်ခဲ့သည့်အတွက် တပ်မတော်သား တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် အခြား ခြောက်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ယနေ့ဖြစ်ပွားသည့် တိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး ယခုအချိန်ထိ အာဏာပိုင်များမှ တစုံတရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။

Most read this week