ပေါက်တော ကြိမ်နီပြင် ဒုက္ခသည်စခန်း မတည်ငြိမ် စစ်တပ်မှပစ်ခတ် (၂) ဦးသေဆုံး

ပေါက်တော ကြိမ်နီပြင် ဒုက္ခသည်စခန်း မတည်ငြိမ် စစ်တပ်မှပစ်ခတ် (၂) ဦးသေဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည် စခန်းတွင် မတည်ငြိမ်မူ ဖြစ်ပွားသဖြင့် စစ်တပ်က ပစ်ခတ်၍ လူ (၂) ဦး သေဆုံးသွားကြောင်း ပေါက်တော မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

refugeeဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သူသိသလောက် ရှင်းပြရာ ကြိမ်နီပြင် မွတ်ဆလင် ဒုက္ခသည် စခန်းတွင် အစိုးရမှ တည်ဆောက်ပေးသော အိမ်ယာ အစီအစဉ်ကို လက်ခံသူများနှင့် လက်မခံသူများဟူ၍  အုပ်စု (၂) စုကွဲနေကြောင်း၊ အုပ်စု တစ်ခုက အစိုးရက စီစဉ် တည်ဆောက်ပေးသော အိမ်ယာများတွင် နေထိုင်နေကြောင်း၊ ယမန်နေ့က မိုးရွာသဖြင့် အိမ်များ မိုးယိုရာ  အိမ်ကို ပြုပြင်နိုင်ရန်အတွက် လိုအပ်သော ၀ါးများ၊ ဓနိများကို သယ်ယူရန် သွားစဉ် အစိုးရ၏ အိမ်ယာ ဆောက်လုပ်ပေးမူ အစီအစဉ်ကို လက်မခံသော အုပ်စုက တုတ်ဓါးများ တိုက်ခိုက်ရန် ကြိုးပမ်းသဖြင့် အနီးအနားရှိ တပ်စခန်းသို့ ၀င်ပြေးကြကြောင်း၊ စစ်တပ်မှ ဟန့်တားသော်လည်း မရကြောင်း၊ နောက်ပိုင်းတွင် လူအုပ်ဖြင့် စစ်သားများကိုပါ ရန်ရှာလာသဖြင့် စစ်တပ်က ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မူကြောင်း တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာ နောက်ပိုင်းမှ သေဆုံးသွားခဲ့ကြောင်း ပြောကြားသည်။

ယခုအခါ သေဆုံးသူများ၏ အလောင်းများမှာ  ပေါက်တောမြို့နယ် ဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူက ပြောသည်။

ပေါက်တောရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သေဆုံးသူ တစ်ဦး၏ အလောင်းသာ ပေါက်တော ဆေးရုံသို့ ရောက်ရှိပြီး ယခုအခါ အလောင်းကို သက်ဆိုင်ရာ ဒုက္ခသည် စခန်းရှိရာသို့ ပြန်လည် ယူဆောင်သွားပြီ ဖြစ်ကြောင်း ပြောဆိုသည်။

သေဆုံးသူ ဘယ်နှစ်ဦးရှိသည်ကို မိမိတို့ အနေဖြင့် အတည်မပြုနိုင်သေးကြောင်း၊ သက်ဆိုင်ရာ ရဲတာဝန်ရှိသူ များမှ သွားရောက် စစ်ဆေးနေတုန်း ဖြစ်ကြောင်း၊ ပိုမိုသိလိုပါက ပြည်နယ် အဆင့် တာဝန်ရှိသူများကိုသာ ဆက်သွယ်မေးမြန်းပါဟု ဆိုကာ ဖုံးချသွားခဲ့သည်။

ပြည်နယ်အဆင့် တာဝန်ရှိသူ ဦးဝင်းမြိုင်ထံ ဆက်သွယ်သော်လည်း လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုံးမှာ စက်ပိတ်ထားပါတယ်ဟု ပြန်လည် ဖြေကြားသဖြင့်  အသေးစိိတ် အချက်အလက်များကို မေးမြန်းနိုင်ခြင်း မရရှိခဲ့ပါ။

Most read this week