ရခိုင် ရဟန်းတော် သီရိလင်္ကာနိုင်ငံ ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့ တက်ရောက်ရယူ

ရခိုင် ရဟန်းတော် သီရိလင်္ကာနိုင်ငံ ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့ တက်ရောက်ရယူ
by -
နိရဥ္စရာ

ရခိုင်ရဟန်းတော် ဒေါက်တာအသျှင် ဉာဏုတ္တရ သည် သူ၏ ပါရဂူဘွဲ့ ကို ဇွန်လ ၂၁ ရက်နေ့  ညနေပိုင်းတွင် သီရိလင်္ကာနိုင်ငံ ဘန္ဒာနာယကေ အထိမ်းအမှတ် နိုင်ငံတကာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော ကေလဏိယ တက္ကသိုလ်၏ ၆၇ ကြိမ်မြောက် အထွေထွေ ဘွဲ့နှင်းသဘင်တွင် တက်ရောက်ရယူခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ကိန်းသာဓမ္မကျောင်း ပဓာနနာယက ဆရာတော် ဖြစ်သော ဒေါက်တာအသျှင် ဉာဏုတ္တရ သည်  သူ၏ ပါရဂူဘွဲ့ကို ရခိုင်ပြည်နယ် အပေါ် ဗုဒ္ဓဘာသာ၏ လွှမ်းမိုးသြဇာ သက်ရောက်မှုကို သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကြောင်း အရ လေ့လာမှု  စာတမ်း “A Historical and Cultural Study of the Influence of Buddhism on Inhabitants of Rakhaing (Arakan) State” နှင့် ရရှိခဲ့သည်။

IMG 5511

သူ၏ ကျမ်းစာကို ဘွဲ့လွန်ပါဠိနှင့် ဗုဒ္ဓဘာသာပညာသင်ကျောင်း (ကေလဏိယတက္ကသိုလ်)သို့ လွန်ခဲ့သော ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့တွင် တင်သွင်းခဲ့ပြီး၊ ယင်းဘွဲ့အတွက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့့တွင် အပြီးသတ် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ဆရာတော်သည် သီရိလင်္ကာနိုင်ငံမှ ပထမဦးဆုံး ပါရဂူဘွဲ့ရရှိသော ရခိုင်အမျိုးသားရဟန်းတော် တစ်ပါးဖြစ်ပြီး၊ မြန်မာရဟန်းတော်များ ထဲမှ ပဥ္စမမြောက် ပါရဂူဘွဲ့ရပုဂ္ဂိုလ်ဖြစ်သည်။ ဆရာတော်နှင့်အတူ မြန်မာနိုင်ငံမှ ပါရဂူဘွဲ့ရ တစ်ပါး၊ အခြားသော မဟာဒဿနိကဘွဲ့ရ နှင့် မဟာဝိဇ္ဇာဘွဲ့ရ ရဟန်းတော်များလည်း ဘွဲ့နှင်းသဘင်ကို တက်ရောက်ခဲ့ကြသည်။

ဆရာတော်၏ www.kingthardhamma.blogspot.com (ကိန်းသာဓမ္မကျောင်းဘလေ့ာ) အရ၊ ပါရဂူဘွဲ့မတိုင်မှီ ဆရာတော်သည် ၂၀၀၀ ခုနှစ်တွင် တက္ကသိုလ်ဝင် (၁၀) တန်းကို အထက ရသေ့တောင်မှ အောင်မြင်ခဲ့ပြီး၊ ၂၀၀၀ ခုနှင့် ၂၀၀၄ ခုနှစ်အတွင်း ဘုန်းတော်ကြီးသင် အခြေခံ ဗုဒ္ဓဘာသာစာပေများကို ပရိယတ္တိစာသင်တိုက်များတွင် လေ့လာသင်ယူခဲ့ပြီး သာသနာရေး ၀န်ကြီးဋ္ဌာနမှ ကြီးမှူးကျင်းပသော အခြေပြုမူလတန်း (၂၀၀၁)၊ ပထမငယ်တန်း (၂၀၀၂)၊ ပထမလတ်တန်း (၂၀၀၃)၊ ပထမကြီးတန်း (ရခိုင်ပြည်နယ်ပထမကျော်) ကို (၂၀၀၄) ခုနှစ်တွင် ရရှိအောင်မြင်ခဲ့သည်။

စစ်တွေတက္ကသိုလ်တွင် အင်္ဂလိပ်စာအထူးပြုဖြင့် ၃ နှစ်တိုင် လေ့လာခဲ့ပြီး၊ ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အထူးပြု အင်္ဂလိပ်စာ ဘာသာဖြင့် ၀ိဇ္ဇာဘွဲ့ B.A. (English) ရရှိခဲ့သည်။ ဆရာတော်သည် ၂၀၀၆ ခုနှစ်မှ စတင်ပြီး သီရိလင်္ကာနိုင်ငံသို့သွားရောက်ကာ ဗုဒ္ဓစာပေများ ကို လေ့လာသင်ယူခဲ့ရာ သီရိလင်္ကာနိုင်ငံ၊ ကေလဏိယတက္ကသိုလ် (University of Kelaniya) ၏ ဘွဲ့လွန် ပါဠိနှင့် ဗုဒ္ဓဘာသာ ပညာသင်ကျောင်း (Postgraduate Institute of Pali and Buddhist Studies) မှ ဘွဲ့လွန်ဒီပလိုမာ (PG Dip.) (ဗုဒ္ဓဘာသာပညာ)၊ မဟာဝိဇ္ဇာ (M.A.) (ဗုဒ္ဓဘာသာပညာ)၊ အင်္ဂလိပ်စာမှဗုဒ္ဓဘာသာ (Certified English through Buddhism) အောင်လက်မှတ်တို့ကို ရရှိပြီး၊ ၄င်းတက္ကသိုလ်တွင်ပင် မဟာဒဿနိကဗေဒဘွဲ့ (M.Phil.) (ဗုဒ္ဓဘာသာပညာ) ကို တစ်နှစ်တာ သုတေသနပြုခဲ့ပြီး အရည်အချင်းပြည့်မှီခဲ့၍ ပါရဂူဘွဲ့ (Ph.D.) အတွက် ၃ နှစ်တိုင်တိုင် သုတေသနပြုနေခဲ့ပြီး ယင်းဘွဲ့အတွက် ၁၀-၁၀-၂၀၁၂ နေ့တွင် အပြီးသတ် အောင်မြင်ခဲ့သည်။

ဆရာတော်သည် သီရိလင်္ကာနိုင်ငံ၏ အထင်ကရ ကိုလံဘိုတက္ကသိုလ်၊ အင်္ဂလိပ်စာ ဌာနမှပို့ချသော DETE (Diploma in English for Teachers of English) အင်္ဂလိပ် စာပြဆရာဖြစ် ဒီပလိုမာ (၂) နှစ်သင်တန်းကို ၂၀၁၁ ခုနှစ်တွင် ရရှိအောင်မြင်ခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံမဟာဌာနမှ BLCE (Buddhist Leadership in Civic Empowerment) လူ့အသိုက်အမြံုတိုးတက်မှုမှာ ဗုဒ္ဓဘာသာ၏ ခေါင်းဆောင်မှု ဆိုင်ရာ သင်တန်းကိုလည်း ၂၀၁၀ခုနှစ်တွင် တက်ရောက်ပြီးဆုံးခဲ့သည်။

သီရိလင်္ကာနိုင်ငံမှ မိမိ၏ဒေသကိုရောက်ပြီးကတည်းက အခြေခံပညာ၊ ဗုဒ္ဓဘာသာ၊ ပြည်သူလူထု နှင့် အခြားဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းများကို ဆရာတော်၏ ကိန်းသာ ဓမ္မကျောင်းမှာ ဖွင့်လှစ် သင်ကြား နိုင်ရေးအတွက် အခြေခံအဆောက်အအုံများကို အားသွန်ခွန်စိုက်ဆောင်ရွက် နေခဲ့ပါကြောင်း၊ ယခုအခါတွင် ဆရာတော်၏ဦးဆောင်မှုဖြင့် အလျား ရ၂ ပေ အနံ ၃၉ ပေ စာသင်ကျောင်းဆောင် တစ်ခုကို စာသင်ကြားဖို့အရန်အတွက် ဆောက်လုပ်လျက်ရှိပါကြောင်း၊ ဆောက်လုပ်ဆဲစာသင် ကျောင်းဆောင် အမြန်ပြီးစီးရန် အတွက် ပြည်တွင်း ပြည်ပမှ အထောက်အပံ့ပေးမည့် စေတနာရှင်များ အလွန် လိုအပ်နေပါကြောင်း၊ စာသင်တန်းများပို့ချပေးဖို့ရန် ယင်းသည် အရေးတကြီးဖြစ်ကြောင်းဖြင့် ဘွဲ့နှင်း သဘင်အပြီးတွင် ပြောကြားခဲ့သည်။

ထို့အပြင် ဆရာတော်က သူ၏ဒေသတွင် အခက်အခဲများ၊ နားမလည်မှုများ၊ ခေတ်နှင့် မလျော်ညီသော အလုပ်မဖြစ်သည့် အတွေးအခေါ်များစသော အခက်အခဲ စိန်ခေါ်မှုများ ရှိကြောင်း၊ ထိုစိန်ခေါ်မှုများသည် ကာယစိတ္တာနှစ်ဖြာသော ဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးမတည်ကြောင်း၊ သို့သော် စိတ်ရှည်၊ သည်းခံ၊ နားလည်ခြင်းတို့ဖြင့် ရင်ဆိုင်တိုးဝှေ့ရန် စိတ်ဆုံးဖြတ်ထားကြောင်း၊ မာန် မာန၊ ဂိုဏ်း ဂဏ၊ ပါတီစသော ခွဲခြားမှုမရှိဘဲ၊ လူသားရင်းမြစ်များ ရေရှည်ဖွံံ့ဖြိုးတိုးတက်ရေးကို မျှော်ကိုးလျက် ဆရာတော်၏ လုပ်ဆောင်ချက်များတွင် မိမိတို့ တက်နိုင်သရွှေ့ကူညီကြစေ လိုကြောင်း တိုက်တွန်းပြောဆိုခဲ့ပါသည်။ သေရှာပေါက် အခက်အခဲများစွာရှိနေသော်လည်း အားတောင့် သည်းခံ ကြံကြံခံဖို့ ခွန်အားကို ရှာဖွေရမည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်လျင် အကျွနု်ပ်တို့သည် မည်သူ မည်ဝါ ဖြစ်မည် ဖြစ်သည်ကို သိကြမည် မဟုတ်ကြောင်းဖြင့် မိန့်ကြားခဲ့ပါသည်။

ဆရာတော်ထံသို့ [email protected] ဖြင့်သော်လည်းကောင်း၊ +959440224439 နှင့် +959421741973 ဖုန်းနံပါတ်များကိုလည်းကောင်း ဆက်သွယ်နိုင်ပြီး၊ ဆရာတော် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများကို www.kingthardhamma.blogspot.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

သီရိလင်္ကာနိုင်ငံ၊ ဘွဲ့နှင်းသဘင်ပြီးသည့် နောက်ပိုင်းတွင် ဆရာတော်သည် နယူးယောက်မြို့၊ ဗုဒ္ဓဘာသာသနာပြုအဖွဲ့၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုသို့ လေ့လာရေး အလည် အပတ် ခရီးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာအသျှင်ဉာဏုတ္တရကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်၌ အဖ (ဦးသာထွန်းအောင်) နှင့် အမိ ဒေါ်လှစောညိုတို ့ထံမှ ၁၉၈၃ ခု ဒီဇင်ဘာလ (၂၀) ရက် (အင်္ဂါနေ ့) တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၁၂) ဦးအနက် (၉) ဦးမြောက် ဖြစ်သည်။ ဗုဒ္ဓသာသနာတော်အတွင်းသို့ ရှင်သာမဏေအဖြစ် တက္ကသိုလ်ဝင်တန်းဖြေဆိုအပြီး ၂၀၀၀ ပြည့်နှစ် မတ်လတွင် ၀င်ရောက်ခဲ့သည်။

Most read this week