ရိုးမမြေ ကုမ္ပဏီမှ သစ်ည့ံဖြင့်သာ ဆေးရုံဆောက်ပေး- ပြည်နယ်ဝန်ကြီးချုပ်ထံဒေသခံ တိုင်ကြား

ရိုးမမြေ ကုမ္ပဏီမှ သစ်ည့ံဖြင့်သာ ဆေးရုံဆောက်ပေး- ပြည်နယ်ဝန်ကြီးချုပ်ထံဒေသခံ တိုင်ကြား
by -
နိရဥ္စရာ

ရိုးမမြေ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ပေးနေသော ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြောင်းပေါ် ကျေးရွာ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းမှာ ဆောက်၍ မပြီးစီးသေးခင် သစ်များတွင် ပိုးကျနေသဖြင့် ရွာသားများက ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ထံ စာရေး တိုင်ကြားလိုက်သည်ဟု သတင်း ရရှိသည်။

“ တိုင်ကြားတဲ့ အထဲမှာ ရွာသား ၂၃ ဦး ပါ၀င်ပါတယ်။ ဇွန်လ ၆ ရက်နေ့က တိုင်ကြား လိုက်ပါတယ်။ တိုင်ကြားရတဲ့ ရည်ရွယ်ချက်က တောသားတွေဆိုပြီး ကုမ္ပဏီက လူလည်ကျတဲ့ အတွက် မကျေနပ်တာ ကြောင့် တိုင်ကြား လိုက်တာ ဖြစ်ပါတယ် ” ဟု ကျေးရွာသား တစ်ဦးက ဆိုသည်။

ကုမ္ပဏီအနေဖြင့် လူလည်ကျနေပုံကို ကျေးရွာသားက ယခုလို ဆက်ပြောသည်။

“ ရိုးမမြေ ကုမ္ပဏီ တာဝန်ရှိသူတွေက တံခါးတွေကို ရန်ကုန်က ကျွန်းသစ်တွေကို မှာယူပြီး ဆောက်ပေးမယ် လို့ပြောထားပြီး တကယ် လက်တွေ့ လုပ်ပေးတဲ့အခါ ဒေသကထွက်တဲ့ သစ်ပျော့တွေနဲ့ လုပ်ပေး ပါတယ်။ မျက်နှာကျက်ကို ငြမ်းဆင်စဉ်က သုံးခဲ့တဲ့ သရက်သား၊ အညှင်းသားစတဲ့ မူ မမှန်တဲ့ သစ်တွေကို ထည့်သွင်း သုံးထားတွေလည်း ရှိနေပါတယ်။ သစ်ဖြူ အညံ့စားတွေ ဖြစ်နေတဲ့ အတွက် ဆေးရုံက ဆောက်နေတုန်းဘဲ ရှိသေးတယ်။ သစ်တွေက ပိုးကျနေပါပြီ” ဟု ပြောသည်။

ရွာသားများက ပျဉ်ကတိုး သစ်မာများ သုံးရန် ကုမ္ပဏီအား တောင်းဆိုသော်လည်း ပျဉ်ကတိုး ထည့်ရန် စာချုပ်တွင် မပါ၀င်ကြောင်း၊ အကယ်၍ ထည့်လိုပါက ရွာသားများ ၀ယ်ပေးပါဟု ပြန် ပြောဆိုကြောင်း သူက  ဆိုသည်။

၎င်းပြင် သားမွေးခန်း၊ အိမ်သာခန်းများနှင့် နားနေခန်းကို ကြွေပြားများဖြင့် ခင်းပေးမည်ဟု ကတိရှိသော်လည်း လက်တွေ့တွင် ခင်းပေးခြင်း မရှိကြောင်း ရွာသားက ဆိုသည်။

“ အိမ်သာခန်း၊ သားမွေးခန်းနဲ့ နားနေခန်းတွေကို ကြွေပြားနဲ့ လုပ်ပေးမယ်ဆိုပြီး မဆောက်ခင် ကျွန်တော် တို့ကို ကတိခံပါတယ်။ ခုတော့ အိမ်သာ တစ်ခု တည်းကိုဘဲ ကြွေခင်းပေးပါတယ်။ ကျန်တာတွေကို မခင်းပေးဘူး။”

အဆောက်အဦးမှာလည်း မြေပြင်မှ တစ်ပေသာမြင့်ကြောင်း၊ မိုးရွာလျှင် ရေယိုပြီး ရေမြုပ်နိိုင်ကြောင်း၊ မိုးထားသော သွပ်ပြားများမှာလည်း အပေါစား ဖြစ်ကြောင်း၊ သစ်များမှာလည်း အညံ့စားဖြစ်ကြောင်း၊ ဆေးရုံ ဆောက်သူများက သူတို့ လုပ်ချင်သလို လုပ်နေကြကြောင်း၊ သို့အတွက် အထက်လူကြီးများကို သိစေလို့၍ တိုင်ကြားရခြင်း ဖြစ်ကြောင်း ဆိုသည်။

မြောက်ဦးမြို့နယ်တွင် ရိုးမမြေ ကုမ္ပဏီမှ ပြောင်းပေါ် ကျေးလက်ဆေးပေးခန်းအပြင် ကုတိုးရွာကျေးလက် ဆေး ပေးခန်းကိုလည်း ဆောက်လုပ်နေသည်ဟု သိရသည်။

ပြည်နယ် ၀န်ကြီးချုပ်ထံသို့ ရေးသားသော စာကို မိတ္တူ အဖြစ်  ပြည်နယ် လူမှုရေးဝန်ကြီးဌာန ၀န်ကြီး၊ ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာန ဦးစီးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူးနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူးတို့ကို ပေးပို့သည်ဟု သိရသည်။

ပြောင်းပေါ် ကျေးရွာသည် မြောက်ဦးမြို့နယ် ပျားတဲကျန်းမာရေးဌာနခွဲ အောက်တွင် တည်ရှိသည်။

ရိုးမမမြေ ကုမ္ပဏီအား အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး မေးမြန်းရန် ဆက်သွယ်နိုင်သည့် ဖုံးနံပတ် မရှိသဖြင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

complain-signed-letter

Most read this week