ကျောက်ဖြူ သမိုင်းဝင် ကျောက်တစ်လုံး ဘုရားတောင် မိုင်းပြန်ခွဲနေ

ကျောက်ဖြူ သမိုင်းဝင် ကျောက်တစ်လုံး ဘုရားတောင် မိုင်းပြန်ခွဲနေ
by -
နိရဥ္စရာ

မီဒီယာတွေက သတင်းဖေါ်ပြပြီးတဲ့ နောက်ပိုင်း ရက်အတန်ငယ်ကြာ ရပ်နားထားခဲ့တဲ့ ကျောက်ဖြူမြို့ သမိုင်းဝင် ကျောက်တစ်လုံး ဘုရားတောင်ကို ဒီကနေ့ နံနက်က စပြီး ပြန်လည် မိုင်းခွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နံနက် ၉ နာရီ ၄၅ မိနစ် ကနေ စပြီး မိုင်းခွဲနေတယ်လို့ အဲဒီ မိုင်းခွဲတဲ့ နေရာ အနီးက ဒီကနေ့ ဖြတ်သွားခဲ့တဲ့ ဆရာ ဆရာမတွေကို ကိုးကားပြီး ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ပြောပါတယ်။

Kyauktalong-Pagoda

ကျောက်ဖြူ ဒေသခံတွေ အနေနဲ့ အဲဒီ မိုင်းခွဲနေတဲ့ နေရာကို သွားရောက် ကြည့်ရှု့ဖို့ မဖြစ်နိုင်တာကြောင့် ဒီအခွင့်အရေးကို ယူပြီး Myanmar Golden Crown ( မြန်မာ့ ရွှေသရဖူ) ကုမ္ပဏီနဲ့  ခြေမြန် တပ်ရင်း ၅၄၃ တပ်ရင်းက ပူးပေါင်းပြီး ကျောက်တွေထုတ်လုပ်ဖို့ မိုင်းခွဲနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒေသခံ ဗုဒ္ဓဘာသာဝင်တွေ သွားရောက်ကြည့်ရှု့ဖို့ မဖြစ်နိုင်တာက မိုင်းခွဲနေတဲ့ ကျောက်တောင် အနီးမှာ အောက်တိုဘာ အရေးအခင်းတုန်းက ကျောက်ဖြူမြို့ထဲက ထွက်ခွာသွားကြတဲ့ မွတ်ဆလင်တွေကို နေရာ ချပေးထားတဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ခမရ ၅၄၃ တပ်ရင်းက အဲဒီ  မိုင်းခွဲကျောက်တွေကို ထုတ်ယူရာမှာ ဒုက္ခသည် စခန်းက မွတ်ဆလင်တွေကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။

ခုမိုင်းခွဲ ကျောက်ထုတ်နေတဲ့ နေရာဟာ ရှေးဟောင်း သမိုင်းဝင် ကျောက်တစ်လုံးဘုရားတွေ တည်ရှိရာကနေ ပေ ၆၀၀ လောက်သာ ကွာဝေးတယ်လို့ ပြောပါတယ်။

ကျောက်ဖြူ လူငယ် အဖွဲ့က ကျောက်ဖြူခရိုင် ဥက္ကဌကို အစပိုင်း မိုင်းခွဲကတည်းက သွားရောက် တိုင်ကြားထားတဲ့ အတွက် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ စာထုတ်တားမြစ်ခဲ့ပေမယ့် တစ်ရက်ခန့် အကြာမှာ ပြန်လည် မိုင်းခွဲမူကို ပြုလုပ်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရှေးဟောင်း သမိုင်းဝင် ကျောက်တစ်လုံးတောင်ဟာ ရခိုင် လူမျိုးတွေ အတွက် အဖိုးမဖြတ်နိုင်တဲ့ နေရာ ဖြစ်တယ်ဆိုတာကို စစ်တပ်က ဗမာလူမျိုး အရာရှိကြီးတွေ သိသိကြီးနဲ့  မိုင်းခွဲ ကျောက်ထုတ်နေတာဟာ  လူမျိုးရေးအရ မထီမဲ့မြင် ပြုလုပ်တဲ့ သဘောမျိုး ပါ၀င်နေတယ်လို့ ဦးသန္တာမောင်က ပြောပါတယ်။

ရခိုင်ဘုရင် မင်းဗာကြီးက ကောဇာသက္ကရာဇ် ၈၉၈ ခုနှစ်မှာ အဲဒီ ကျောက်တစ်လုံးတောင်ကို ဂူထွင်းပြီး ဂူဘုရား ၅၄ ပါးကို တည်ထားခဲ့တဲ့ အတွက် ကျောက်တစ်လုံးတောင် ဘုရားဟာ ကျောက်ဖြူမှာ နာမည်ကြီးပါတယ်။

အခုလို သမိုင်းဝင် ဘုရားတည်ရှိရာ ကျောက်တောင်ကို မိုင်းခွဲနေတဲ့ အတွက် ဂူဘုရားတွေကို ကွဲအက် ထိခိုက်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ MGC ကုမ္ပဏီတို့က ပေါင်းပြီး ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းအတွက် လိုအပ်တဲ့ ကျောက်တွေကို သမိုင်းဝင် ဘုရား တည်ရှိရာ ကျောက်တောင်ကနေ ဆက်လက်ပြီး မိုင်းခွဲ ထုတ်ယူနေတဲ့ အတွက် ဒေသခံ ပြည်သူတွေကတော့ အတော့ကို စိတ်ထိခိုက်နေကြရတယ်လို့ ဦးသန္တာမောင်က ပြောဆိုပါတယ်။

Most read this week