ကျောက်ဖြူ ရခိုင် ဒုက္ခသည်စခန်းတွင် အိမ်သာ မလုံလောက်၍ အခက်ကြံု

ကျောက်ဖြူ ရခိုင် ဒုက္ခသည်စခန်းတွင် အိမ်သာ မလုံလောက်၍ အခက်ကြံု
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဘုရားကြီးတောင်ခြေရင်းရှိ ကညင်တော (ရခိုင်)ဒုက္ခသည်စခန်းတွင် အိမ်သာ လုံလောက်မူ မရှိသဖြင့်  အခက်ကြံုတွေ့နေကြရသည်ဟု ဒုက္ခသည်များက ပြောသည်။

ကညင်တော ဒုက္ခသည်စခန်းမှာ ယခင်က အိမ်ထောင်စု ၃၆ စု ရှိခဲ့သော်လည်း  နောက်ထပ် အိမ်ထောင်စု ၁၇ စု ထပ်တိုးလာရာမှ အိမ်သာ မလုံလောက်မူ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ဒုက္ခသည် တစ်ဦးက ဆိုသည်။

KaNyintaw-Refugee-Camp

“အရင်က  အိမ်ထောင်စုက ၃၆ စု ရှိရာကနေ အခု ၅၃ စုဖြစ်သွားပြီ။ အဲဒီ အထဲမှာ အိမ်သာက စုစုပေါင်း ၆ လုံးဘဲ ရှိတယ်။ ယောက်ျားအတွက် ၃ လုံး၊ မိန်းမအတွက် ၃ လုံး၊ မနက် အိပ်ရာက ထတာနဲ့ အိမ်သာတက်ရတာ အခက်အခဲ ဖြစ်နေပါ တယ်။”

ကညင်တော ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၅၃ စုတွင် ပျမ်းမျှ လူဦးရေ ၃၀၀ နီးပါးရှိနေသည့်အတွက် သက်ဆိုင်ရာမှ အိမ်သာများကို တိုးချဲ့ တည် ဆောက်ပေးရန် လိုအပ်သည်ဟု ဒုက္ခသည်စခန်းကို သွား ရောက်ခဲ့သူ ဦးညီချေက နိရဥ္စရာသို့ ပြောသည်။

၎င်းပြင် ဒုက္ခသည်များမှာ မြေကြီးပေါ်တွင် ဖျာခင်း အိပ်နေကြသဖြင့် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ကိုညီချေက ဆက်ပြောသည်။

“နောက်ပြီး ကျွန်တော် မြင်ခဲ့တာက ဒီလောက် ချမ်းအေးတဲ့ ရာသီမှာ  မြေပြင်မှာ ဖျာခင်းပြီး အိပ်နေကြရတယ်။ အခုလို အေးတဲ့ရာသီမှာ ဖျာခင်းပြီးအိပ်နေရတာကြောင့် သက်ကြီးတွေနဲ့ ကလေးတွေ နေမကောင်းဖြစ်နေကြတာတွေလဲ တွေ့နေရပါတယ်။ သူတို့ကို နေရာထိုင်ခင်း  ကောင်းကောင်းမွန်မွန် စီစဉ်ပေးဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

သောက်သုံးရေးနှင့် ပတ်သက်ပြီး ပြောကြားရာတွင်လည်း ယခုအချိန်တွင် ရေလုံလောက်မှုရှိနေသော်လည်း တပေါင်း၊ တန်းခူးလ နွေရာသီတွင် သောက်သုံးရေ အခက်အခဲ ဖြစ်လာနိုင်သဖြင့် ယခုအချိန်ကပင် ကြိုတင် စီစဉ်ထားရန် လိုသည်ဟု ဆိုသည်။

ဒုက္ခသည်များ နေထိုင်ရေးနှင့် စားဝတ်နေရေးကို Better Life Organization အဖွဲ့မှ ကူညီ ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

ကျောက်ဖြူရှိ Better Life Organization  ရုံးကို နိရဥ္စရာက ကညင်တော ရခိုင်ဒုက္ခသည်စခန်း၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက သူတို့အနေဖြင့် သတင်းဌာနများ၏ မေးမြန်းချက်များကို ဖြေကြားပိုင်ခွင့်မရှိကြောင်းနှင့် အဖွဲ့တာဝန်ရှိသူ ဦးဟန်သာမောင်ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းပါဟုဆိုကာ ဖုန်းချ သွားခဲ့သည်။

အောက်တိုဘာလ အတွင်းက တကျော့ပြန် ဖြစ်ပွားခဲ့သော ကျောက်ဖြူ အရေးအခင်းတွင် မီးရှို့ဖျက်ဆီး ခံလိုက်ရသော အိမ်ထောင်စုများကို ရခိုင်ဒုက္ခသည်စခန်းနှင့် မူဆလင်ဒုက္ခသည်စခန်းဟူ၍ စခန်းနှစ်ခု ဖွင့်လှစ်ကာ ထားရှိသည်။

ကညင်တော ဒုက္ခသည်စခန်းတွင် ရခိုင်ဒုက္ခသည် ၃၀၀ ၀န်းကျင်နှင့် မွတ်ဆလင် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၁၄၀၀ ခန့်ရှိသည်ဟု သိရသည်။

မွတ်ဆလင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို အစိုးရကတာဝန်ယူ ကူညီပေးထားပြီး သူတို့အား ပြင်ဖြူမော်၊ ငသန့်သာ ကျွန်းနှင့် အစိုင်းကြီးကျွန်းတို့တွင် နေရာချပေးရန် အာဏာပိုင်များက စီစဉ်ခဲ့့သည်။

သို့သော်လည်း အဆိုပါ နေရာ (၃) ခုစလုံးအပေါ် ဒေသခံများက လက်မခံသဖြင့် ကျောက်ဖြူမှ မွတ်ဆလင်များကို ပြန်လည် နေရာချထားရေးမှာ မရေရာ မသေချာဘဲ ဖြစ်နေကြောင်း သတင်းများ ရရှိ သည်။

Most read this week