နိုင်ငံခြား စီမံကိန်းများကြောင့် ကျောက်ဖြူ ဒေသခံများ ထိခိုက် နစ်နာမူ ပိုရှိလာ

နိုင်ငံခြား စီမံကိန်းများကြောင့် ကျောက်ဖြူ ဒေသခံများ ထိခိုက် နစ်နာမူ ပိုရှိလာ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းတွင် သဘာဝ ဓါတ်ငွေ့ စက်ရုံ စီမံကိန်းကြောင့် ပြည်သူများကို ထိခိုက် နစ်နာမူများ ရှိနေကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က  ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖေါ်နေသော နိုင်ငံခြား စီမံကိန်း တစ်ခု ( ဓါတ်ပုံ- နိရဥ္စရာ)

ထိုသို့  ဒေသခံ ပြည်သူများကို ထိခိုက်မူ ရှိနေသဖြင့် မလကျွန်းသို့ ကိုယ်တိုင် ကွင်းဆင်းပြီး လေ့လာ ကြည့်ရှု့ခဲ့သည်ဟု  လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

“ကျွန်တော် မလကျွန်းကို သွားပါတယ်။ အဲဒီမှာ သဘာဝ ဓါတ်ငွေ့ စက်ရုံ ဆောက်မယ် ဆိုပြီး ပင်လယ် ကမ်းခြေဘက်မှာ တောင်တွေကို စက်ကြီးတွေနဲ့ ဖြိုချနေတာကို တွေ့ခဲ့ရတယ်။ အဲသလို ဖြိုချတဲ့ အခါ ရွာသားတွေ အသုံးပြုနေတဲ့ တောင်ကျ ချောင်းက ပိတ်ဆို့သွားတော့ လယ်တွေက ရေအောက်ကို ရောက်သွားပါတယ်။ ဒါကိုတွေ့ခဲ့တဲ့ အပြင် ဓနိခင်း တစ်ခုလည်း ရေတွေ လည်ပင်းထိ အစ်နေတာကို တွေ့ခဲ့ရပါတယ်” ဟု ဆိုသည်။

၎င်းပြင် ကုမ္ပဏီ တစ်ခုက ကျောက်ထုတ်ရန် အတွက် မြေကြီးများကို စက်ကြီးများဖြင့် တူးကာ လယ်ကွင်းများတွင် စုပုံနေသဖြင့် လယ်မြေ အများအပြား ပျက််စီးနေသည်ကို မြင်ခဲ့ရသည်ဟု ဆိုသည်။

“လယ်တွေက ပျက်စီးနေတာတွေကို တွေ့ခဲ့ရပါတယ်။ ဒီလို ဖြစ်ပျက်နေတာကို ဒေသ အာဏာပိုင် တွေကလည်း ဘာမှ လုပ်ပေးတာ မရှိဆိုတော့ ကျွန်တော် အကြံပြုတာက စာရေးပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးကို ပထမဆုံး တိုင်ကြားပါ။ မိတ္တူတွေကိုတော့ မြို့နယ်၊ ခရိုင် အပါအဝင် ကျွန်တော်ကိုလည်း ပေးပါ။ ဥပဒေအတိုင်း အဆင့်ဆင့် လုပ်ကိုင် ဆောင်ရွက်ဖို့ ရွာသားတွေကို ကျွန်တော် မှာခဲ့ပါတယ်” ဟု ဦးဘရှင်က ပြောသည်။

အဆိုပါ မလကျွန်းတွင် စီမံကိန်းအား အကောင်အထည် ဖေါ်နေရာတွင် ပါ၀င်သော MGC မှာ Myanmar Golden Crown ကုမ္ပဏီ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“အခု MGC ကုမ္ပဏီက ကျောက်တွေထုတ်ဖို့ အတွက် လယ်ကွင်းတွေကို ဖြတ်ပြီး လမ်းတွေ ဖေါက်တယ်။ ဘာမှ လျှော်ကြေးမရပါဘူး။ လမ်းဖေါက်တဲ့ အတွက် လယ်တွေပျက်စီးသွားတဲ့ အပြင် လမ်းဖေါက်တဲ့ မြေကြီးတွေပါ လယ်ကွင်းတွေကို ဖုံးလွှမ်းသွားတဲ့ လယ်တွေလည်း အကုန်လုံး ပျက်စီးကုန်ပါတယ်” ဟု ပြောသည်။

၎င်းပြင် မလကျွန်း သဘာဝ ဓါတ်ငွေ့စီမံကိန်းအတွက် တောင်များကို ဖြိုချနေရာ တောင်ကျ ချောင်းများကို ပိတ်ဆို့ပြီး လယ်ကွင်း အများအပြားလည်း ရေအောက်ကို ရောက်သွားသည်ဟု ဒေသခံက ဆက်ပြောသည်။

“လယ်သမားတွေ ထိခိုက်နေတာက ပြဿနာ တစ်ခုတည်းကြောင့် မဟုတ်ဘူး။ လမ်းဖေါက်တဲ့ အတွက် လယ်တွေ ပျက်စီးသလို၊ တောင်တွေကို ဖြိုချတဲ့ အတွက် လယ်တွေ ပျက်စီးပါတယ်။ ပိုဆိုးတာက တောင်တွေကို ဖြိုချတဲ့ အခါ တောင်ကျချောင်းတွေ ပိတ်ဆို့သွားတဲ့ အတွက် လယ်တွေ ရေအောက်ကို ရောက်ကာ ပျက်စီးသွားရတဲ့ လယ်တွေလည်း အများကြီးပါ” ဟု ဆိုသည်။

ယခုကဲ့သို့ စီမံကိန်းများကြောင့် ဒေသခံများကို အကြီးအကျယ် ထိခိုက်မူများ ရှိနေသော်လည်း သက်ဆိုင်ရာ ဒေသ အာဏာပိုင်များက နိုင်ငံတော်နှင့် ဆိုင်သော နိုင်ငံခြား စီမံကိန်းကြီးများဟု ဆိုကာ တစ်စုံတစ်ရာ ၀င်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း ပြောဆိုသည်ဟု သိရသည်။

Most read this week