NLD မှ ရခိုင် ဒုက္ခသည်များ အတွက် နောက်ထပ် သိန်း ၁၀၀ ကူ

NLD မှ ရခိုင် ဒုက္ခသည်များ အတွက် နောက်ထပ် သိန်း ၁၀၀ ကူ
by -
နိရဥ္စရာ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD (ဗဟို) မှ ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များ အတွက် နောက်ထပ် ကျပ်သိန်း ၁၀၀ ကူညီလိုက်သည်ဟု သတင်း ရရှိသည်။

Rakhine-refugees-Myanmar

“ကျွန်တော်တို့ ဒီငွေကို ကျောက်ဖြူကို ရောက်နေစဉ်မှာ ဒီလ ၁၃ ရက်နေ့က လက်ခံ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့က ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်တွေမှာ ညီလာခံ ကျင်းပရေး ကော်မရှင်တွေ ဖွဲ့စည်းဖို့ သွားရောက်နေတဲ့ အချိန်မှာ ဗဟိုက ဒီကျပ်သိန်း ၁၀၀ ကို ဒုက္ခသည်တွေ အတွက် ခွဲဝေ လှူဒါန်းပေးပါဆိုတဲ့ အတွက် ကျွန်တော်တို့က မြို့နယ် (၆) ခုက ဒုက္ခသည်တွေကို ကူညီပေးနေတာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် ညီလာခံ ကျင်းပရေး ကော်မရှင် အဖွဲ့ဝင် ဦးစိုးလေးက ပြောသည်။

အကူအညီ ပေးနေသော မြို့နယ် ၆ ခုမှာ  ကျောက်ဖြူ၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောနှင့် ရသေ့တောင်တို့ ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့က ဒီလ ၁၃ ရက်နေ့က ကျောက်ဖြူ သံဖြူကျောင်းမှာ သွားပီး ဒုက္ခသည်တွေကို ကူညီ လှူဒါန်းပါတယ်။ မြေပုံမှာကျတော့ မြေပုံကို မဝင်နိုင်ခဲ့တော့ ပါတီက  မြို့နယ် အဆင့် တာဝန်ရှိသူတွေကို ငွေတွေကို လွှဲအပ်ခဲ့ပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားတဲ့ စာရင်းအတိုင်း သေဆုံးသူကို ဘယ်လောက်၊ ထိခိုက် ဒဏ်ရာ ရသူကိုဘယ်လောက်၊ မီးထဲပါသွားတဲ့ အိမ် ဘယ်လောက်ဆိုုပြီး စာရင်းဇယားနဲ့ တကွ လွှဲအပ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဦးစိုးလေးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အကူအညီများကို ပေးအပ်ရာတွင် ပါတီ၏ ပေါ်လစီ အတိုင်း ဘာသာ လူမျိုးမခွဲခြားဘဲ ဒုက္ခရောက်နေသူများ အားလုံးကို ကူညီပံ့ပိုးနေသည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို)မှ ယခင်ကလည်း ရခိုင် ဒုက္ခသည်များ အတွက် ကျပ်သိိန်း (၂၀၀) ကူညီ ထောက်ပံ့ပေးထားခဲ့ပြီဟု သိရသည်။

ယခု ကူညီငွေများကို ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ  မြို့နယ်များသို့ ကွင်းဆင်းပြီး မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်များကို ဖွဲ့စည်းနေချိန်တွင် ဒုက္ခသည်များကို ကိုယ်တိုင် ကူညီပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်များ ဖွဲ့စည်းရေး ခရီးစဉ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရခိုင်ပြည်နယ် ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးညီပု၊ အထွေထွေ အတွင်းရေးမှူး ဦးမောင်ကြွင်းအောင်၊ အဖွဲ့ဝင်ဦးစိုးလေးတို့ ပါ၀င်ကြသည်ဟု သိရသည်။

Most read this week