လယ်သိမ်းခံရသည့် မင်းပြားမှ လယ်သမား ၂၈ ဦးကို ဗျူဟာမှူး ခေါ်ယူစစ်ဆေး

လယ်သိမ်းခံရသည့် မင်းပြားမှ လယ်သမား ၂၈ ဦးကို ဗျူဟာမှူး ခေါ်ယူစစ်ဆေး
by -
နိရဥ္စရာ

စစ်တပ်က လယ်မြေသိမ်းယူထားခြင်းကို အထက်သို့ စာရေးတိုင်ကြားသဖြင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ လယ်သမား ၂၈ ဦးကို ဗျူဟာမှူးမှ ဒီဇင်္ဘာလ ၁၀ ရက်နေ့က ခေါ်ယူ စစ်ဆေးခဲ့သည်ဟု သိရသည်။

အဆိုပါ လယ်သမား (၂၈) ဦးမှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အဝကျေးရွာအုပ်စုတွင် တည်ရှိသော မင်းရွာနှင့် ထုံးချေရွာမှ ဖြစ်ကြသည်။

“ဖမ်းဆီးတာတော့ မဟုတ်ပါဘူး။ သူတို့ကို လယ်မြေတွေကို စစ်တပ်က သိမ်းထားတာကို အထက်ကို စာရေး တိုင်ကြားတဲ့ အတွက် ခမရ ၃၇၉ တပ်ရင်းကို ခေါ်ယူပြီး ဗျူဟာမှူးက ခေါ်ယူ စစ်ဆေး မေးမြန်းတာ ဖြစ်ပါတယ်။ အဲသလို စစ်ဆေးပြီးတဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်” ဟု အမည်မဖေါ်လိုသူ မင်းရွာက လူကြီး တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အဝကျေးရွာအုပ်စုမှ လယ်သမားများ ပိုင်ဆိုင်သော စားကျက်မြေ အပါအဝင် လယ်မြေဧက ၃၂၅ ဧကကို စစ်တပ်က ၂၀၀၄ ခုနှစ်ကတည်းက သိမ်းယူထားခဲ့သည်။ ထိုသို့ လယ်မြေများကို သိမ်းယူပြီးနောက် ဗြိတိသျှ နယ်ချဲ့ခေတ်က ချစ်တီး ကုလားများကဲ့သို့ စစ်တပ်က လယ်သမားများကို လယ်များကို ပြန်လည် ဌားရမ်း သီးစား ချထားခဲ့သည်။

“ဗျူဟာမှူးက နောက် ဒီလို တိုင်းတန်းတာတွေ မလုပ်ဖို့ ပြောတယ်လို့ သိရပါတယ်။ ဒီနှစ် သီးစားခကိုလည်း စစ်တပ်ကို ပေးစရာ မလိုဘူးလို့လည်း လယ်သမားတွေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ ရွာသားတွေကိုလည်း ကောင်းကောင်းမွန်မွန် ပြန်ပို့ပေးပါတယ်” ဟု ကျေးရွာ လူကြီးက ပြောသည်။

အဝကျေးရွာအုပ်စုမှ လယ်ဧက ၃၂၅ ဧကကို ခမရ ၃၈၀ က သိမ်းယူထားပြီး ခမရ ၃၇၉ တပ်ရင်းမှာ နယ်မြေခံ တပ်ရင်း ဖြစ်သဖြင့် အဆိုပါ တပ်ရင်းသို့ လယ်သမားများကို ခေါ်ယူ စစ်ဆေးခြင်း ဖြစ်သည်ဟု ဆိုသည်။

လယ်သမား ၂၈ ဦးကို မင်းပြားရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့မှ ခေါ်ယူပြီး ခမရ ၃၇၉ တပ်ရင်းသို့ ပို့ဆောင်ခဲ့သဖြင့် ဒေသခံ ကျေးရွာသားများ အကြားတွင် အထူး စိုးရိမ် ထိတ်လန့်မူများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

Most read this week