ရသေ့တောင်တွင် စစ်တပ်က ပစ်ခတ်၍ ၂ ဦးသေ၊ ၉ ဦးဒဏ်ရာရ

ရသေ့တောင်တွင် စစ်တပ်က ပစ်ခတ်၍ ၂ ဦးသေ၊ ၉ ဦးဒဏ်ရာရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မူစဲကမ်းအတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီများ တိုက်ခိုက်နေကြသည့် လူအုပ်ထဲသို့ အစိုးရတပ်က ပစ်ခတ်သဖြင့် ရခိုင် ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိသွားကြောင်း လူနာများကို ဆေးရုံသို့ ပို့ဆောင်နေသည့် အမျိုးသမီး တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“ နှစ်ဦးပွဲချင်းပီ သေပါတယ်။ ၉ ဦးဒဏ်ရာ ရပါတယ်။ အခု လူနာ ၉ ဦးက စစ်တွေ ဆေးရုံကို ရောက်နေပြီ ဖြစ်ပါတယ်” ဟု အမျိုးသမီးက ပြောသည်။

သေဆုံးသူများမှာ ကျွန်းကြီးကျေးရွာမှ ဦးသိန်းလှမောင်နှင့် နောက်တစ်ဦးမှာ ကံချောင်းကျေးရွာမှ ဖြစ်ပြီး “အခု ကျွန်မ သိရတာက စစ်တပ်က လမ်းက ဖြတ်ပြီး ပစ်တယ်လို့ ပြောတယ်။ မိုးပေါ်ကို ခြောက်လှန့် ပစ်ခတ်မျိုး မဟုတ်ဘဲ လူအုပ်ထဲကို တည့်တည့်ပစ်တယ်လို့ ပြောပါတယ်။ အခု အခြေအနေက တော်တော်ဆိုးရွားနေပါတယ်” ဟု သူမက ပြောသည်။

ညောင်ပင်ကြီး ဘင်္ဂလီ ကျေးရွာအနီးတွင် လက်နက်အပြည့်အစုံဖြင့် စောင့်နေသည့် အစိုးရတပ်က တိုက်ခိုက်ရန် ရောက်လာသည့် တဖက်အဖွဲ့ စုဝေးထားရာ လူအုပ်အတွင်းသို့ ယမန်နေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) ညနေက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သူမက ပြောသည်။

အဆိုပါဒေသအတွင်း ရခိုင်ကျေးရွာများဖြစ်သည့် ဆားပြင်ကြီး၊ ကျွန်းကြီးရွာ၊ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်လည်၊ ပန်ဇင်းမောင်ရွာ၊ ရွာကြီးမြောက်ရွာ၊ ကန်ချောင်းရွာနှင့် ဘင်္ဂလီရွာများ ဖြစ်သည့် အနောက်ပြင်ရွာနှင့် ညောင်ပင်ကြီး ကျေးရွာတို့ရှိသည် ဟုသိရသည်။

ယခုအခါ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီ တို့၏ အဓိဂရုဏ်းမှာ မြို့နယ်တခုမှ အခြားမြို့နယ်သို့ ကူးစက်ပျံ့ပွားနေပြီး မြို့နယ် အချို့တွင် ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ၆ နာရီကျော်က ကျောက်တော်မြို့ တောင်ဘက်ရှိ ဘင်္ဂလီကျေးရွာတခုဖြစ်သည့် ပိုက်သည် လက်ဆောင်ကောက် ရွာတွင် ရခိုင်နှင့် ဘင်္ဂလီများ အပြန်အလှန် တိုက်ခိုက်ခဲ့ရာမှ ရခိုင်လူမျိုး (၃) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် (၂) ဦးမှာ အစိုးရ လုံခြံုရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု မျက်မြင် ဒေသခံ များက ပြောဆိုသည်။

သေဆုံးသွားသူများမှာ ဦးကျော်သိန်း (ဘ) ဦးမောင်ဦးဖြူ (၃၇)နှစ်၊ ဦးဇော်ဝင်း (ဘ) ဦးမောင်ကျော် (၃၈)နှစ် နှင့် ဦးထွန်းအောင်သာ (ဘ) ဦးမောင်သိန်းညွှန့် အသက်(၄၅)နှစ် တို့ဖြစ်ပြီး ဦးအောင်ထွန်းသာ၏ ရင်ဘတ်တွင် သေနတ် ကျည်ဆံ ထိမှန် သေဆုံးခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လောလောဆယ်တွင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၁၅) မှ တပ်ဖွဲ့ဝင်များက ပိုက်သည် လက်ဆောင်ကောက် ကျေးရွာ အနီးတဝိုက်တွင် နေရာယူထားပြီး လုံခြံုရေး တင်းကြပ်ထားကြောင်းနှင့် ရခိုင်တိုင်းရင်းသားများ ယင်းကျေးရွာတဝိုက်တွင် စုရုံးနေဆဲဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် အောက်တိုဘာလ (၂၃) ရက်နေ့က မြောက်ဦးမြို့နယ် နာဂရာကျေးရွာတွင် ရခိုင်လူမျိုးများနှင့် ဘင်္ဂလီကျေးရွာသားများ တိုက်ခိုက်နေစဉ် အစိုးရတပ်က ပစ်ခတ်သဖြင့် သေဆုံးသွားသူနှစ်ဦးအား ယနေ့ သဂြိုလ်ပြီးကြောင်း သိရသည်။

၎င်းတို့မှာ လေးမြို့မြစ် အထက်ပိုင်း ပန်းမြောင်းကျေးရွာမှ မောင်အောင်မြင့် (၂၈ နှစ်)နှင့် မောင်စိုးစိုး (၂၇ နှစ်) တို့ ဖြစ်ပြီး အသုဘ လိုက်ပို့သူ ထောင်ချီရှိကြောင်း ဒေသခံများက ပြောသည်။

Most read this week