စစ်တွေ ဘင်္ဂလာဒေချ့် ကောင်စစ်ဝန်ရုံးတွင် ရခိုင်နှင့် မာရမာကြီး လူငယ်များ ဆန္ဒပြမည်

စစ်တွေ ဘင်္ဂလာဒေချ့် ကောင်စစ်ဝန်ရုံးတွင် ရခိုင်နှင့် မာရမာကြီး လူငယ်များ ဆန္ဒပြမည်
by -
နိရဥ္စရာ

ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် လူနည်းစု ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်ခံရပြီး ဘုန်းတော်ကြီး ကျောင်းများ မီးရှို့ခံရသည်ကို ကန့်ကွက်သည့် အနေဖြင့် စစ်တွေ မြို့ရှိ ဘင်္ဂလာဒေချ့် ကောင်စစ်ဝန်ရုံး ရှေ့တွင်  ရခိုင်နှင့် မာရာမာကြီးလူငယ်များ ဆန္ဒထုတ်ဖော် ပြသရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

စစ်တွေရှိ ဘင်္ဂလာဒေချ့် ကောင်စစ်ဝန်ရုံး (ဓါတ်ပုံ- နိရဥ္စရာ)

ဘုန်းတော်ကြီးကျောင်းအပါ အဝင် သာသနိကအဆောက်အဦးများ မီးရှို့ဖျက်ဆီးခံရသည်ကို ကန့်ကွက် ဆန္ဒပြပွဲကို ပြုလုပ်ရန်  ဦးဆောင်စီစဉ်နေသူ တစ်ဦးဖြစ်သူ ကိုမောင်နုက သူတို့ စီစဉ်နေမှုနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ ခွင့်ပြုချက်တင်ဖို့ ကြိုးပမ်းနေတာက  ၂ ရက် ၃ ရက်ရှိပါပြီး ဒီနေ့မှလက်ခံတယ်။ ဒီနေ့ ၁၁ နာရီမှာ ပြည်နယ် ရဲတပ်ဖွဲ့မှုရုံးမှာ သွားတင်တော့ လက်ခံလိုက်ပါတယ်။ မနက်ဖန် အကြောင်းကြားမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ဆန္ဒပြရန် စီစဉ်ရသည့် အကြောင်းကိုလည်း ကိုမောင်နုက ဆက်ပြောသည်။

“ဘင်္ဂလာဒေ့ချ်နိုင်ငံမှာ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေ နှိပ်စက်ခံနေရတဲ့ကိစ္စကို ကျွန်တော်တို့ အောက်တိုဘာလ ၂ ရက်နေ့က  ရခိုင်ကွန်ယက်အသင်းနဲ့ ရက္ခဝတီ လဘက်ရည်ဆိုင်မှာ ဆွေးနွေး ကြပြီး  ဆန္ဒပြမယ်လို့ ဆုံးဖြတ်ခဲ့ကြတဲ့အတွက် ဒီအစီ အစဉ်ကို အကောင်အထည် ဖေါ်နေတာ  ဖြစ်ပါတယ်။”

အလားတူ ယနေ့ နေ့လည်ပိုင်းကလည်း ရန်ကုန်မြို့ရှိ ဘင်္ဂလာဒေ့ချ်နိုင်ငံ သံရုံးရှေ့တွင် ရန်ကုန် ရောက် ရခိုင်သာရေး နာရေး ရဟန်းတော်များအဖွဲ့မှ ဦးဆောင်ပြီး ရဟန်းတော် အပါး ၁၀၀ ကျော်က ဆန ္ဒထုတ်ဖော် ပြသခဲ့ကြသည်။

ရန်ကုန် ဆန္ဒပြပွဲတွင် ပါ၀င်ခဲ့သည့် အလိုတော်ပြည့်ကျောင်းတိုက်မှ ဦးဇင်း ဘီးလူးက ယခုကဲ့ သို့ပြော သည်။

“ ဒီနေ့ ဦးဇင်းတို့က ဘင်္ဂလာဒေ့ချ်နိုင်ငံမှာ အစွမ်းရောက် လူတစုကြောင်း ဖြစ်ပွားသွားတဲ့ ကိစ္စကို လုံးဝ ရှုတ်ချတယ်ဆိုတဲ့အကြောင်းကို ဘင်္ဂလာသံအမတ်ကို သွားပြောတယ်။ အားလုံး ရဟန်းအပါး ၁၀၀ ကျော်နဲ့ လူပုဂ္ဂိုလ် ၅၀ ခန့်ပါ၀င်ပါတယ်။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းပြီးသွားတယ်။ သံမတ်ကို လည်း ဦးဇင်းတို့ အိတ်ဖွင့်ပေးစာတစောင် ပေးခဲ့တယ်” ဟု ဆိုသည်။

ဘင်္ဂလာဒေ့ချ်နိုင်ငံ သံအမတ်ကြီးအား ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာတွင် ဖျက်ဆီးခံခဲ့ရသည့် သာသနိက အဆောက်အဦးများနှင့် ဗုဒ္ဓဆင်းတုတော်များကို ပြန်လည်း တည်ဆောက်ပေးရန်၊ အကြမ်း ဖက်ရာတွင် ပါ၀င်သူများကို အစိုးရမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်၊ နောက်ထပ် အကြမ်း ဖက်မှုများ မဖြစ်ပွားရန်အတွက် ဘင်္ဂလာဒေ့ချ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များင့် ရဟန်းတော်များ ကို လုံလောက်စွာ ကာကွယ်ပေးရန်ဆိုသည့် အချက်များပါသည်။

ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရသည့် ကိစ္စနှင့်ပတ်သတ်ပြီး ယမန်နေ့ နေ့လည်ပိုင်းကလည်း ရန်ကုန်မြို့ ဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိ စာသင်တိုက်မှ သံဃာအပါး ၂၀၀ ကျော်က ဆန္ဒပြခဲ့ကြသည်။

ဘင်္ဂလာဒေ့ချ်နိုင်ငံ ကော့စ်ဘာဇားခရိုင် ရာမူးမြို့တွင် စက်တင်ဘာလ ၂၉  ရက် စနေနေ့ ညအချိန်တွင် အကြမ်းဖက်သူများမှ  နှစ်ပေါင်းရာနှင့်ချီရှိနေသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် ဗုဒ္ဓဘာသာဝင်နေအိမ်များကို မီးချို့ဖျက်ဆီးခဲ့သည်။

နောက်တစ်နေ့တွင်လည်း  အိုခီးယား၊ ပိုတီယာမြို့နယ်များတွင် ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးကျောင်းများ နှင့် ဟိန္ဒူဘုရားကျောင်းတချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့သည်။

ယခုကဲ့သို့ ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များအပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့သည့်အတွက် အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာနှင့် ဘင်္ဂလာဒေ့ချ်နိုင်ငံများတွင် ဗုဒ္ဓဘာသာ ရဟန်းတော်များက ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

ယခုအခါ ဘင်္ဂလာဒေ့ချ်အစိုးရမှ အကြမ်းဖက်ရာတွင် ပါ၀င်သူများကို လိုက်လံဖမ်းဆီးနေပြီး စုံစမ်း မှုများပြု လုပ်နေသော်လည်း ဘင်္ဂလာရှိ ဗုဒ္ဓဘာသာဝင်လူနည်းစုများမှာ ဆက်လက်တိုက် ခိုက်ခံရ မည်ကို စိုးရိမ်နေကြသည်။

Most read this week