တရားစွဲခံ ရသေ့တောင်မှ လယ်သမား ၄၅ ဦး အမူ ယခုလတွင် ထပ်မံ စစ်ဆေးမည်

တရားစွဲခံ ရသေ့တောင်မှ လယ်သမား ၄၅ ဦး အမူ ယခုလတွင် ထပ်မံ စစ်ဆေးမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် စစ်တပ်ပိုင် လယ်မြေများအား ကျူးကျော်မှုဖြင့် တရားစွဲ ခံထားရသော လယ်သမား ၄၅ ဦးကို ယခု လအတွင်း ရုံးတင် စစ်ဆေးမည်ဟု သတင်းရရှိသည်။

ရုံးထုတ် စစ်ဆေးမည့် လယ်သမားများမှာ အုပ်စု (၂) စု ဖြစ်ပြီး တစ်စုမှာ ၂၆ ဦးပါ၀င်ပြီး ၂၀၁၂ ခု ဇန္နဝါရီလ ၁၂ ရက်နေ့က တရားစွဲခံရကာ နောက် အုပ်စု တစ်ခုမှာ ၁၉ ဦးပါ၀င်ပြီး ၂၀၁၂ ခု စက်တင်္ဘာလ ရ ရက်နေ့က တရားစွဲဆိုခံထားကြသည်။

တရားစွဲခံရသော လယ်သမား (၄၅) ဦးလုံးမှာ ရသေ့တောင်မြို့နယ် မယူကမ်း ပေါင်းဇားရွာ၊ နေပူခံရွာ၊ ကျွန်းချောင်းနှင့် ပိုးရီပြင်ကျေးရွာတို့မှ ဖြစ်ကြသည်။

ပထမအကြိမ် လယ်သမား ၂၆ ဦးအား စစ်တပ်မှ သိမ်းဆည်းထားသော မြေနေရာကို ကျူးကျော် လုပ်ကိုင်မှု၊ မနာလိုဖျက်ဆီးမှု၊ လူစုလူဝေးဖြင့် တောင်းဆိုမှု စသည့် စွပ်စွဲချက်များဖြင့် ရသေ့တောင်မြို့ပေါ်မှ မြန်မာတပ်မတော်နှင့် ပူးပေါင်း စီးပွားရေး လုပ်ကိုင်နေသူ  ဦးစောအောင်သိန်းက တရားစွဲဆိုသည်။

ဒုတိယအကြိမ် လယ်သမား ၁၉ ဦးကို ပြည်နယ် ၀န်ကြီးချုပ်မှ ရသင့်ရထိုက်သော လယ်ယာမြေများကို ခွဲဝေပေးမည်ဟု ကတိပေးသဖြင့် လယ်ယာမြေနှင့် နွားစားကျက်မြေများကို တက်ရောက် ခုတ်ထွင် ရှင်းလင်းရာမှ  စစ်တပ်မှ ဖိအားပေးမူကြောင့်  ဦးစိုးအောင်သိန်းနှင့် လောင်းချောင်း ရဲစခန်းမှူး ဦးဝင်းထွန်းတို့ တရားစွဲဆိုခဲ့သည်။

“ ပထမ တရားစွဲခံထားရတဲ့ လယ်သမား ၂၆ ယောက်အမှုကို ဒီလ ၂၁ ရက်နေ့နဲ့ ဒုတိယ အကြိမ် တရားစွဲခံထားရတဲ့ လယ်သမား ၁၉ ယောက်ကို ဒီလ ၁၉ ရက်နေ့ ရသေ့တောင် မြို့နယ် တရားမှာ ရုံးတင် စစ်ဆေးမှာ ဖြစ်ပါတယ်” ဟု ရသေ့ တောင်မြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက နိရဥ္စရာသို့ ပြောသည်။

လယ်သမားများထံမှ စစ်တပ်က တရားဝင် စာရင်းဇယားဖြင့် သိမ်းယူထားသော လယ်မှာ ဧက ရ၄၄ ဒဿမ ရ၇ ဖြစ်သော်လည်း စီးပွားရေး သမား ဦးစိုးအောင်သိန်းမှ ဒေသခံ စစ်အရာရှိများနှင့် ပူးပေါင်းပြီး သိမ်းယူထားသော မြေမှာ ဧက ၁၈၀၀ ကျော် ဖြစ်သည်။

“ စစ်တပ်က သိမ်းထားတဲ့ လယ်ဧကကို လွှတ်တော်မှာတင်တဲ့အခါ လွှတ်တော်က ရ၄၄ ဒဿမ ရ၇ ရှိတယ်လို့ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက ပြောတယ်။ သိမ်းယူထားတာက ဧက ၁၈၀၀ နီးပါးရှိတယ်။ သိမ်းတဲ့ အထဲမှာ မပါ၀င်တဲ့ ကျန်တဲ့ လယ်မြေတွေကို  ပြည်နယ် ၀န်ကြီးချုပ်က လယ်သမား တွေကို ခွဲဝေပေးမယ်ဆိုပြီး ကျွန်တော်တို့ကို ကတိ ပေးထား တယ်။ ဒါကြောင့် လယ်သမားတွေက ဧက ၁၈၀၀ ထဲက ရ၄၄ ဒဿမ ရ၇ ကို ဖယ်ထုတ်ပြီး ကျန်တဲ့ ကိုယ့်လယ်ယာမြေတွေကို ရှင်းကြတော့  စစ်တပ်က တဆင့် ကန်ထရိုက်ယူထားတဲ့ ဦးစိုးအောင်သိန်းက ကျူးကျော်မှုနဲ့ တရားစွဲတာ ဖြစ်ပါတယ်” ဟု ဦးလှမောင်သိန်းက ရှင်းပြသည်။

လယ်သမားများ ခုတ်ထွင်ရှင်းလင်းသော လယ်ယာမြေများကို တစုံတရာ စုံစမ်းစစ်ဆေးမှု မရှိဘဲ တရားစွဲ ဆိုခြင်းသည် လယ်သမားများ အပေါ် မတရား အနိုင်ကျင့်ခြင်းသာဖြစ်သည်ဟု အမည် မဖေါ်လိုသူ အမူကို လိုက်ပါဆောင်ရွက်ပေးနေသူ ရသေ့တောင်မှ  ရှေ့နေတစ်ဦးက ပြောသည်။

“လောင်းချောင်း ရဲစခန်းမှူး ၀င်းထွန်းနဲ့  ဦးစိုးအောင်သိန်းတို့က ပထမ တစ်ခေါက်  လယ်သမား ၂၆ ဦးကို တရား စွဲလို့  ဒုက္ခရောက်နေကြပြီ။ အခု တစ်ခါ  အနောက်ပိုင်းတိုင်း  ပိုင်တဲ့ မြေကို ရှင်းတာလား၊ ဒါပေမယ့် ပိုတဲ့ မြေကို ခုတ်ထွင် ရှင်းလင်း တာလား ဆိုတာကို တစ်စုံတစ်ရာ မစစ်ဆေးဘဲ တရားစွဲဆိုတာကို လက်ခံ စစ်ဆေးတာဟာ လယ်သမားတွေကို သက်သက် အနိုင်ကျင့်တာပါဘဲ” ဟု ပြောသည်။

ပထမ စွဲဆိုသော လယ်သမား ၂၆ ဦးအမှုမှာ ၈ လကြာမြင့်ပြီး ဖြစ်သော်လည်း ရုံးတက်ရသည်နှင့် အချိန်ကုန် နေပြီး စစ်တပ်နှင့် သက်ဆိုင်သည့် အမှု ဖြစ်သဖြင့်  မြို့နယ်တရားရုံးမှ တစုံတရာ အမူကို ဆုံးဖြတ်ချက်ချမပေး နိုင်ဘဲ  ဖြစ်နေကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပုလဲပေါက်ကျေးရွာ(ခေါ်) ဗလိပေါက်ကျေးရွာမှ လယ်သမား  ( ၁၁ )ဦး အား မိမိပိုင်မြေအပေါ် မိမိတို့ ထွန်ယက် စိုက်ပျိုးသဖြင့် ကျောက်တော် အခြေစိုက် စကခ (၉) မှ ၂၀၁၂ ခုနှစ် ဇွန်လ  ၂၈ ရက်နေ့တွင် ပိုင်နက် ကျူးကျော်မူဖြင့်  တရားစွဲ ဆိုခဲ့သည်ဟု သိရ သည်။

Most read this week