ဆရာတော် ဦးဥတ္တမအား ရည်စူး၍ ရခိုင် ရဟန်းတော် တစ်ပါးမှ ရန်ပုံငွေစေတနာဝသန်သို့ ကျပ်ငွေ ၉၉၉၉၀ လှူဒါန်း

ဆရာတော် ဦးဥတ္တမအား ရည်စူး၍ ရခိုင် ရဟန်းတော် တစ်ပါးမှ ရန်ပုံငွေစေတနာဝသန်သို့ ကျပ်ငွေ ၉၉၉၉၀ လှူဒါန်း
by -
နိရဥ္စရာ

၈၈မျိုးဆက် ရန်ပုံငွေ စေတနာဝသန်  ဂီတဖျော်ဖြေပွဲတွင် ဆရာတော်ဦးဥတ္တမအား ရည်စူး၍ ရခိုင် ရဟန်းတော် တစ်ပါးမှ ကျပ်ငွေ ၉၉၉၉၀ လှူဒါန်းခဲ့သည်ဟု သိရသည်။

စေတနာ ၀သန်မှ သို့ တက်ရောက််လာကြသော ၈၈ မျိုးဆက် ကျောင်းသားများ (ဓါတ်ပုံ – အံ့ဘွယ်ကျော်)
စေတနာ ၀သန်သို့ ကျပ်ငွေ ၉၉၉၉၀ လှူဒါန်းခဲ့သူ ရဟန်းတော်မှာ ရန်ကုန် မြို့ အလိုတော်ပြည့် ကျောင်းတိုက် မှ ဦးဇင်းဘီလူး ဖြစ်သည်။

“ ၈၈ မျိုးဆက်တွေရဲ့ စေတနာ ၀သန်ကို ဦးဇင်းက  ကြားနေရတယ်။ သူတို့က ကချင်ဒေသ၊ ရခိုင်ဒေသ အပါအဝင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ကယားပြည်နယ်က ရေဘေး ဒုက္ခသည်တွေ အတွက်ပါ ရရှိလာတဲ့ အကူအညီတွေကို လှူဒါန်းကြမယ်ဆိုတော့ ဒါဟာ တကယ် ကောင်းမွန်တဲ့ ရည်မှန်းချက် ဖြစ်တယ်။ တိုက်ဆိုင်တာက လာမယ့် စက်တင်္ဘာလ ၉ ရက်နေ့ကလည်း မြန်မာ တနိုင်ငံလုံးကို နိုင်ငံရေး မျက်စိ ဖွင့်ပေးခဲ့တဲ့ ဆရာတော် ဦးဥတ္တမနေ့ ဖြစ်တယ်ဆိုတော့ ဆရာတော်ကိုရည်စူးပြီး ခုလို ဦးဇင်းက လှူဒါန်း ဖြစ်သွားတာ ဖြစ်ပါတယ်” ဟု ဦးဇင်းဘီလူးက ငွေလှူရသော အကြောင်းအရင်းနှင့် ပတ်သက်ပြီး ပြောသည်။

ဦးဇင်း ဘီလူးအား ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့မှလည်း ကျေးဇူးတင်လွှာ တစ်စောင် ပေးပို့ခဲ့သည်ဟု သိရသည်။

၈၈ မျိုးဆက် ကျောင်းသား အဖွဲ့မှ ပေးပို့သော သဝဏ်လွှာတွင် “  ၈၈ မျိုးဆက် ရန်ပုံငွေ စေတနာ ၀သန် ဂီတ ဖြေဖျော်ပွဲတွင် စက်တင်္ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူသွားသော ဆရာတော် ဦးဥတ္တမအား ရည်စူး၍ ငွေ ၉၉၉၉၀ လှူဒါန်းခဲ့သော အလိုတော်ပြည့်ကျောင်းတိုက်မှ ဦးဇင်း ဘီလူးအား ၈၈ မျိုးဆက် ကျောင်းသားများမှ အထူးပင် ကျေးဇူးတင်ရှိပါသည်” ဟု ပါရှိသည်။

အဆိုပါ စာအား ၈၈ မျိုးဆက် ကျောင်းသားများ ကိုယ်စား ကိုမင်းကိုနိုင်မှ လက်မှတ်ရေးထိုးထားသည်။

“ ဦးဇင်းပြောချင်တာ လာမယ့် စက်တင်္ဘာလ ၉ ရက်နေ့ဟာ ရ၃ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ဖြစ်တယ်။ အခု မြန်မာနိုင်ငံမှာလည်း ဖြစ်ပေါ်တိုးတက်မူတွေနဲ့ အတူ လွတ်လပ်မူတွေ ရှိလာတယ်။ ဒါကြောင့် နိုင်ငံတော် အစိုးရ အနေနဲ့ ဆရာတော် ဦးဥတ္တမနေ့ကို နို်င်ငံတော်က ကြီးမှူးပြီး ကျင်းပဖို့ကောင်းတယ်။ ကျင်းပသင့်တယ်လို့ လည်း ထင် မြင်မိပါတယ်” ဟု ဦးဇင်းက ပြောသည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ  ဗြိတိ်သျှ နယ်ချဲ့ လက်အောက်မှ လွှတ်မြောက်ရန် မြန်မာ တမျိုးသားလုံးကို လမ်းပြ ဦးဆောင် အနစ်နာခံ ကြိုးပမ်းခဲ့သော အာဇာနည် ပုဂ္ဂိုလ် ဖြစ်သဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေး အတွက် ကြိုးပမ်း ဆောင်ရွက်နေသော အချိန်ကာလမျိုးတွင် နိုင်ငံတော် အစိုးရအနေဖြင့် ဆရာတော် ဦးဥတ္တမကို မမေ့မလျော့ဘဲ  ပူဇော် ဂုဏ်ပြုခြင်းဖြင့် အမျိုးသား ချစ်ကြည် ရင်းနှီးမူကို ပိုမို ရရှိစေလိမ့်မည်ဟု ယုံကြည်ကြောင်း ဦးဇင်း ဘီလူးက မိန့်ကြားသွားပါသည်။

8888

Most read this week