စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အထောက်အကူပြုရန် ရခိုင်တွင် လူထု အစည်းအဝေး ကျင်းပမည်

စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အထောက်အကူပြုရန် ရခိုင်တွင် လူထု အစည်းအဝေး ကျင်းပမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှု ပဋိပက္ခကို စုံစမ်းစစ်ဆေးရန် လာရောက်မည့် စုံစမ်းရေး ကော်မရှင်အား အထောက်အကူပြုနိုင်ရန် ရခိုင်ပြည်နယ် တခုလုံးမှ ကိုယ်စားလှယ်များ ပါ၀င်သည့် လူ ထုအစည်းအဝေးတခုကို ရသေ့တောင်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ လူထုအစည်းအဝေး ပြုလုပ်ရန်စီစဉ်ရသည့် ရည်ရွယ်ချက်ကို အစည်းအဝေးဖြစ်မြောက်ရေး ကော်မီတီ ပြောရေးဆိုခွင့်ရှိသူ ဦးကိုကိုမောင်က ယခုကဲ့သို့ပြောသည်။

“ဒီဘက်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်လာတဲ့အခါ ဒေသအခြေအနေကို ဟိုလူကိုလိုက်မေး၊ ဒီလူကို လျှောက်မေး မေးနေမဲ့အစား ဒီလူထုအစည်းအဝေးက ဆုံးဖြတ်ချက်တွေ၊ ထုတ်ပြန်ချက်တွေကို ထုတ် ပြန်လိုက်ရင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကလည်း အားလုံးကို ပွင့်ပွင်းလင်းလင်းသိသွားမယ်။ အဓိကတော့ အဲဒီကော်မရှင်ကို အထောက်အကူပြုနိုင်အောင် ဆိုပြီး ဒီလိုလူထုအစည်းအဝေးကို လုပ်ဖို့ စီစဉ် တာပါ” ဟု ဆိုသည်။

ယခုကဲ့သို့ လူထုအစည်းအဝေး လုပ်သည့်အတွက် ရခိုင်ပြည်သူများ လက်တွေ့ခံစားနေရသည့်  ပြဿနာများကိုု တခြားတိုင်းရင်းသားများ အပါအဝင် သမ္မတကြီးနှင့် လွတ်တော် နာယက၊ လွှတ်တော် ဥက္ကဌကြီတို့ပါနားလည် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦး ကိုကိုမောင်က ပြောသည်။

အဆိုပါ အစည်းအဝေးကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး ယခုအခါ ရုံးခန်း တစ်ခုကို ရသေ့တောင်တွင် ဖွင့်လှစ်ကာ အစည်းအဝေး ဖြစ်မြောက်ရေးအတွက် စီစဉ်နေကြာင်း သူက ပြောသည်။

“ကျွန်တော်တို့က ကဏ္ဍ ၃ ရပ်နဲ့ လူထုကို ဖိတ်ကြားထားပါတယ်။ ပညာရှင်ရယ်၊ ပြီးတော့ မြို့ နယ် ကိုယ်းစားလှယ်ဆိုပြီး တစ်မြို့နယ်က အနည်းဆုံး ၅ ဦးနှုန်းနဲ့ဖိတ်ထားပါတယ်။ ပြီးတော့ ရခိုင် လူမှု အသင်းအဖွဲ့များနဲ့ တခြား စိတ်ပါ၀င်စားသူများဆိုပြီး ကဏ္ဍအလိုက် ဖိတ်ထားပါတယ်” ဟု ပြောသည်။

ပြည်ပတွင် ရောက်ရှိနေထိုင်နေကြသည့် ရခိုင်ပညာရှင်တချို့အားလည်း လူထု အစည်းအဝေးသို့ဖိတ်ကြားရန် စီစဉ်နေကြောင်းလည်း ဦးကိုကိုမောင်က ပြောသည်။

ယခုအခါ စာတမ်းပြုစုရေးကော်မီတီ၊ ပြန်ကြားရေးနှင့်သတင်း ကော်မီတီ၊ ကြိုဆိုရေးနှင့် နေရာချထား ရေး ကော်မီအပါအဝင် စုစုပေါင်း ဆပ်ကော်မီတီ ရ ခု ဖွဲ့စည်းပြီး လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း သိရသည်။

ယခုပြုလုပ်မည့် လူထုအစည်းအဝေးကို ယခင်က “မေယုမြစ်ဝန်း ညီလာခံ” အမည်နှင့် ပြုလုပ်ရန် စီ စဉ် ခဲ့သော်လည်း အဆိုပါ နာမည်နှင့် မသင့်တော်သည့်အတွက် ယခုအခါ “ရခိုင်ဒေသ လူထုအစည်း အဝေး” နာမည်နှင့် ကျင်းပမည်ဖြစ်ကြောင်း ဦးကိုကိုမောင်က ပြောသည်။

Most read this week