မုဒိမ်းကျင့်ခံရသော ချင်းအမျိုးသမီး ကျပ် ၅ သိန်းနှင့် ကျေအေးလိုက်ရ

မုဒိမ်းကျင့်ခံရသော ချင်းအမျိုးသမီး ကျပ် ၅ သိန်းနှင့် ကျေအေးလိုက်ရ
by -
နိရဥ္စရာ

ဇူလိုင်လ ၂၈ ရက်နေ့က ကျောက်တော် အခြေစိုက် စစ်တပ် တပ်ရင်း တစ်ခုမှ စစ်သား တစ်ဦး၏ မုဒိမ်း ပြုကျင့်မူကို ခံလိုက်ရသော အသက် ၂၃ နှစ် အရွယ် ချင်းအမျိုးသမီး တစ်ဦး၏ အမူကို ကျပ်ငွေ ၅ သိန်းဖြင့် ကျေအေးလိုက်ရသည်ဟု Chinland Guardian သတင်းတွင် ဖေါ်ပြသည်။

၎င်းအမျိုးသမီးငယ်မှာ ချင်းပြည်နယ် မင်းတပ်မြို့မှ ဖြစ်သည်။

သူမသည် သူမ၏ ယောကျင်္ား ဖြစ်သူအား  စစ်တပ်က တပ်သားသစ်အဖြစ် စုဆောင်းသွားသည်ဟု ထင်မြင် ယူဆ၍  ရှာဖွေရန်လိုက်လာစဉ် ကျောက်တော်တွင် စစ်သား တစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။

သူမ၏ ပြောစကားကို ကိုးကားပြီး သတင်းက ရေး သား ဖေါ်ပြရာတွင် စစ်သားသုံးဦးမှ သူမအား  အတင်း ဆွဲ ခေါ်ယူသွားပြီး  ထိုအထဲမှ စစ်သား တစ်ဦးက မုဒိမ်း ကျင်ခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ ချင်းလူမျိုး ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးမှ အဆိုပါ အမျိုးသမီးငယ်အား ကယ်တင် ခဲ့ပြီး နောက်ပိုင်းတွင် မြောက်ဦးမြို့နယ်မှတဆင့် မင်းတပ်မြို့သို့ ပြန်ပို့ခဲ့သည်ဟု ဆိုသည်။

အမူကို ကျပ် (၅) သိန်းဖြင့် ကျေအေးခဲ့ပြီးနောက် ပြစ်မူကျူးလွန်သူ စစ်သားကို မည်သို့ အရေးယူဆောင်ရွက် သည်ကို မသိရှိရကြောင်း သတင်းက ရေးသားသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် စကခ (၉)  အခြေစိုက်ပြီး စစ်တပ် တပ်ရင်း (၁၀)ခုအခြေစိုက် ထားသည်။ သို့သော်လည်း ချင်းအမျိုးသမီးအား မုဒိမ်းပြုကျင့်သူ စစ်သားနှင့် တပ်ရင်း အမည်များကို သတင်းတွင် တစ်စုံတစ်ရာ ရေးသား ဖေါ်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။

အဆိုပါ သတင်းကို သြဂတ်စ်လ ၁၁ ရက်နေ့က Chinland Guardian က သတင်းတွင် ဖေါ်ပြထား သည်။

Most read this week