ဂေါက်ကွင်း အတွက် စစ်တပ်က လယ်သိမ်းမူ နိုင်ငံတော် သမ္မတကြီးထံ စာရေး တိုင်ကြား

ဂေါက်ကွင်း အတွက် စစ်တပ်က လယ်သိမ်းမူ နိုင်ငံတော် သမ္မတကြီးထံ စာရေး တိုင်ကြား
by -
နိရဥ္စရာ

ဂေါက်ကွင်း  ပြုလုပ်ရန် အတွက် စစ်တပ်မှ လယ်မြေများကို သိမ်းယူသွားသဖြင့် လုပ်ကိုင် စားသောက်ရန် အခက်အခဲ ဖြစ်နေကြသော လယ်သမား ရ ဦးက လယ်မြေများ ပြန်လည် ရရှိလိုကြောင်း သမ္မတကြီးထံ စာရေး မေတ္တာရပ်ခံလိုက်သည်ဟု သိရသည်။

တိုင်ကြားသော လယ်သမား ရ ဦးမှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာမှ ဖြစ်ကြသည်။

လယ်သမား ရ ဦးက ၎င်းလယ်မြေများမှာ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက်လာသောလယ်များ ဖြစ်ကြသဖြင့် ပြန်လည် ရရှိလိုကြောင် လက်မှတ် ရေးထိုးပြီး ၂၀၁၂ ခု ဇူလိုင်လ ၈ ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်ထံ ပေးပို့လိုက်ခြင်း ဖြစ်ဟု လယ်သမား တစ်ဦးက ပြောသည်။

“ သမ္မတကို တိုင်တာပါ။ လယ်ယာမြေ ဥယျဉ်ခြံမြေတွေကို စစ်တပ်က အတင်း အဓမ္မ ဥပဒေမဲ့ သိမ်းယူခြင်း ကိစ္စ ဆိုပြီး ခေါင်းစည်းတပ် တိုင်ထားတာပါ။ ကျွန်တော်တို့ လယ်တွေကို ၂၀၀၁ ခုနှစ်က စကခ ၅ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် မြင့်စိုး က  သိမ်းတာပါ။ အဲဒီ သိမ်းထားတာကို အခု စစ်တပ်က ဘာသီးနှံမှ မစိုက်ဘဲ ဂေါက်ကွင်း လုပ်ထားပါတယ်။ အသိမ်းခံရတဲ့ ကျွန်တော်တို့ လယ်သမားတွေမှာက ပညာလည်း မတတ်၊ လုပ်ကိုင် စားသောက်စရာလည်း မရှိ၊ စားဝတ် နေရေး ဒုက္ခရောက်နေကြရတဲ့ အတွက် အဲဒီလယ်မြေတွေကို ပြန်လည် လုပ်ကိုင် စားသောက်ခွင့် ပေးပါဆိုပြီး တိုင်ကြားထားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

တောင်ကုတ် အခြေစိုက် စကခ ၅  တပ်မမှ  လယ်သမား ရ ဦးပိုင် မြေ ဧက ၆၆ ဧကကို ၂၀၀၁ ခုနှစ်တွင် သိမ်းယူသွားခဲ့သည်။ အသိမ်းခံရသည့် မြေဧက ၆၆ ဧကတွင် စိုက်ပျိုးမြေ ဧက ၃၃ ဧကနှင့်  ရွာသားများ စုပေါင်း ပိုင်ဆိုင်သော နွားစားကျက်မြေ ၃၃ ဧက ပါ၀င်သည်။

“ သမ္မတကြီးဆီကို စာရေးတိုင်းကြားတဲ့ လယ်သမားတွေကတော့ ဦးအေးတင်၊ ဦးအေးညွန့်၊ ဦးဖိုးကွန်း၊ ဦးထွန်းဆင်၊ ဦးဘရွှေ၊ ဦးလှမောင်နှင့် ဦးချစ်တင်တို့ဖြစ်ကြပါတယ်။ ဘိုးဘွားပိုင်လယ်တွေ ဖြစ်ကြတဲ့ အတွက် အထူးနစ်နာမူတွေ ရှိတာကြောင်း ခုလို တိုင်ကြားရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

စစ်တပ်က သိမ်းယူစဉ်က နစ်နာကြေး မဆိုစလောက် ပေးကာ  ကျေနပ်ကြောင်း အတင်းအဓမ္မ လက်မှတ် ရေးထိုးခိုင်းပြီး သိမ်းယူသွားသည်ဟု သိရသည်။ စစ်တပ်က သိမ်းယူသွားသည့် မြေများထဲတွင် ယခု အချိန်ထိ တစုံတရာ အသုံးမပြုဘဲ ပစ်ပယ်ထားသည့်  မြေများလည်း အများအပြား ရှိသည်ဟု ဆိုသည်။

တိုင်ကြားစာကို နိုင်ငံတော် သမ္မကြီးထံလိပ်မူပြီး မိတ္တူများကို လယ်ယာသစ်တောနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် (ရန်ကုန်မြို့)၊ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (ရန်ကုန်)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ရန်ကုန်)၊ HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကွန်ယက် (ရန်ကုန်)တို့ကိုလည်း ပေးပို့ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်သည် တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် စစ်တပ်၏ လယ်မြေသိမ်းခြင်းကို  အများအပြားဆုံး ခံရသည့်  ပြည်နယ် တစ်ခု ဖြစ်ပြီး အများစု လယ်မဲ့ယာမဲ့ ဖြစ်သွားသူများမှာ လုပ်ကိုင်စားသောက်ရန် အခက်အခဲ ဖြစ်ရာမှ မိမိဒေသကို စွန့်ခွာပြီး  ကချင်ပြည်နယ် ဖါးကန့် အပါအဝင် ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ ထွက်ခွာ သွားခဲ့ကြသည်ဟု သိရသည်။

ယခုအခါ လယ်ယာမြေ သိမ်းဆည်းခံရမှု ကိစ္စများနှင့် ပတ်သက်၍ နစ်နာမှုများကို စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းရန် ပြည်သူ့  လွှတ်တော်က သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းရေး အဆိုကို ဇူလိုင်လ ၂၆ ရက်နေ့က ပြည်သူ့ လွှတ်တော်တွင်  မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက် ခံမဲ ၃၉၅ မဲ၊ ကန့်ကွက်မဲ ၁၇၆ မဲနှင့် ကြားနေ ၂၄ မဲဖြင့် အနိုင်ရရှိသွားခဲ့သည်။

Most read this week