ပုဒ်မ ၁၄၄ နှင့် ငြိစွန်း၍ ထောင် (၆)လစီ ချမှတ်ခံရသူ စစ်တွေတွင် ၃၁ ဦးရှိသွားပြ

ပုဒ်မ ၁၄၄ နှင့် ငြိစွန်း၍ ထောင် (၆)လစီ ချမှတ်ခံရသူ စစ်တွေတွင် ၃၁ ဦးရှိသွားပြ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင်  ပုဒ်မ ၁၄၄ ထုတ်ပြီး နောက်ပိုင်းတွင် ၎င်းအမိန့်ကို မလိုက်နာသော စွပ်စွဲချက်ဖြင့်  ဖမ်းဆီး ထိန်းသိမ်းသူများကို ဇူလိုင်လ ၂ ရက်နေ့မှ စတင်ပြီး ထောင်ချ နေရာ အခုအခါ ထောင်ချခံရသူ ၃၁ ဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ကျွန်တော်တို့ သိရသလောက် ဇူလိူင်လ ၂ ရက်နေ့ကနေ သူတို့ကို စစ်တွေမြို့နယ် တရားရုံးကို ထုတ်ယူလာပြီး ထောင်ချနေတာ ၃၁ ဦးရှိသွားပြီလို့ သိရပါတယ်။ တစ်ဦးစီကို ထောင် (၆) လ ချပါတယ်” စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။

ယခု ထောင်ချခံရသူများမှာ ဇွန်လ ၁၀ ရက်နေ့က စပြီး ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ နောက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ရခိုင်အမျိုးသားများ ဖြစ်သည်။

“ တစ်ချို့ကတော့ ဥပဒေချိုး ဖေါက်တဲ့ အတွက် ဖမ်းဆီးခံရတယ်။ တချို့ကလည်း ရိုးရိုးသားသားနဲ့ အိမ်ပြင်ကို ထွက်မိတာနဲ့ အဖမ်းခံခဲ့ရတဲ့ သူတွေ ပါ၀င်ပါတယ်။ နောက်ထပ်လည်း ဖမ်းဆီး ထိန်းသိမ်းထား တာတွေ ရှိနေသေးတယ်လို့ သိရပါတယ်။ နာမည် အတိအကျကတော့ ကျွန်တော်တို့ရုံးကို မေးရင် သိနိုင်ပါတယ်” ဟု သူက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီရုံးကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။

“ ကျွန်တော်တို့ စာရင်းရတာက လူပေါင်း ၂၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ကို ပုဒ်မ ၁၈၈ တပ်ပြီး  (၆) လစီ ထောင်ချနေပါတယ်” ဟု ပြောသည်။

ဖမ်းဆီး ထောင်ချခံနေရသူများ အထဲတွင် တချို့သူများမှာ တစ်စုံတစ်ရာ  အပြစ် မှ မရှိဘဲ ဖမ်းဆီး ထောင်ချခံ နေရ သူများ ပါ၀င်သည်ဟု ဆိုသည်။  စစ်တွေ မောလိပ်ရပ်ကွက်မှ  ပန်းထိမ်ဆရာ ကိုကျော်ဝင်းမောင်မှာ ပန်းထိမ်ဆိုင်ကို ပိတ်နေတုန်း အဖမ်းခံရပြီး ထောင်ချခံရခြင်း ဖြစ်ကြောင်း ပြောသည်။

“ များသောအားဖြင့်တော့ လူငယ်တွေ များပါတယ်။ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်နဲ့ ငြိစွန်းတယ်ဆိုပြီး  ဖမ်းဆီးထားတဲ့ လူငယ် ၂ ဦးကို လည်း ဟိုတစ်နေ့က စစ်တွေမြို့နယ် တရားရုံးကို ရုံးတင်ခဲ့ပါတယ်။ အခုလို ဖမ်းဆီးနေတာကတော့ စစ်တွေ တမြို့တည်းမှာ မဟုတ်ပါဘူး  နယ်တွေမှာလည်း ရခိုင်တွေကို အဖမ်းအဆီး ရှိနေပါတယ်”ဟု သူက ဆက်ပြောသည်။

နယ်တွင် ဖမ်းဆီးခံရသူများထဲတွင် တောင်ကုတ်တွင် ၃၀ ကျော်ဖြစ်ပြီး ကျောက်တော်တွင် ၁၃ ဦး ဖြစ်ကြောင်း သူက ပြောသည်။ ကျောက်တော်မှ ဖမ်းဆီးခံရသူများကို စစ်တွေထောင်သို့ ပို့ဆောင်ပြီး ချုပ်နှောင်ထားသည်ဟု သိရသည်။

ဖမ်းဆီး ထိန်းသိမ်းခံနေရသူများဘက်မှ ရှေ့နေ အဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေမကြီး ဒေါ်အေးနုစိန် အား အသေးစိတ် သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းရာ မင်းပြားသို့ ခရီးထွက်သွာသည် ဆို၍ မေးမြန်း၍ မရရှိခဲ့ပါ။

စစ်တွေတွင် အာဏာပိုင်များသည် ရခိုင်အမျိုးသားများကိုသာ ပစ်မှတ်ထား ဖမ်းဆီးထောင်ချနေပြီး ဘင်္ဂလီ မွတ်ဆလင် လူမျိုးများကိုမူ နိုင်ငံတကာ ဖိအားနှင့် OIC စသော အစ္စလာမ်မစ် အဖွဲ့များ၏ ဖိအားကို ကြောက်ပြီး ပြစ်မူ ကျူးလွန်သည်ကို အထင်အရှား သိသော်လည်း တစ်စုံတစ်ရာ အရေးယူ ဖမ်းဆီးခြင်း မရှိကြောင်း၊  Human Right Watch ကဲ့သို့ အဖွဲ့အစည်းများ အပါအဝင်  နို်င်ငံတကာ အဖွဲ့အစည်းများက စွပ်စွဲ ပြောကြားနေသကဲ့သို့ အစိုးရ တာဝန်ရှိသူများက ဘက်လိုက်ပြီး ဘင်္ဂလီ များကိုသာ ဖမ်းဆီးနေသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ စွပ်စွဲချက်များမှာ ဘက်လိုက်၍ ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း အဲဒီ ရုံး တာဝန်ရှိ ပုဂ္ဂိုလ်က ပြောဆိုသွားပါသည်။

Most read this week