ကုန်လမ်းနှင့် ပြည်တွင်းရေကြောင်း သယ််ယူပို့ဆောင်ရေး အဖွဲ့ အမည်ခံပြီး ရဲနှင့် ပေါင်းကာ လိမ်လည် ငွေကောက်

ကုန်လမ်းနှင့် ပြည်တွင်းရေကြောင်း သယ််ယူပို့ဆောင်ရေး အဖွဲ့ အမည်ခံပြီး ရဲနှင့် ပေါင်းကာ လိမ်လည် ငွေကောက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကုန်လမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့ စာရွက်၊ တံဆိပ်များကို အသုံးပြုပြီး လူတစ်ဦးမှ ဒေသခံ ရဲအဖွဲ့နှင့် ပူးပေါင်းကာ ဟွန်ဒါ စက်လှေ ပိုင်ရှင်များထဲမှ လိမ်လည် ငွေကောက်ခံသွားကြောင်း သတင်း ရရှိသည်။

Ngarotkong_Village_3

တောင်ကုတ်မြို့နယ် ငရုတ်တောင်ကျေးရွာမှ ဟွန်ဒါစက် အလုံး ပေါင်း ၄၈ လုံးမှ ကောက်ယူသွားခြင်း ဖြစ်ကြောင်း ဒေသခံ ဟွန်ဒါ စက်လှေပိုင်ရှင် တစ်ဦးက ပြောသည်။

"ဟုတ်ကဲ့။ ကုန်လမ်းနဲ့ ပြည်တွင်းရေကြောင်းက အရာရှိ ဆိုသူ တစ်ဦးနဲ့ လမူးရဲစခန်းက ရဲသား ၃ ယောက် လာပြီးတော့ ရွာမှာ ရှိတဲ့ စက် တွေကို တအိမ်တက်တအိမ်ဆင်း စာရင်း လိုက်ကောက် ပါတယ်။ စာရင်းကောက်ပြီးတော့ စာရင်းမှာပါတဲ့ လူ တွေကို ဥက္ကဌ အိမ်ကိုခေါ်ပါတယ်။ စက်တလုံး ကို ရ၀၀၀ ကျပ် နှုန်းသတ်မှတ်ပြီးတော့ စက်လုံးပေါင်း ၄၈ လုံးက ငွေကောက်ခံသွာပါတယ်။ သူတို့က လိုင်စင် လုပ်ပေးမယ်ဆိုပြီး ကောက်ယူသွားတာ ဖြစ်ပါတယ်" ဟု ငရုတ်တောင် ကျေးရွာမှ ဟွန်ဒါ စက်လှေပိုင်ရှင်က ပြောသည်။

မြင်းကောင်ရေ ၂၀ ထက်မပိုသော စက်တပ်ယာဉ်များကို လိုင်စင် လုပ်ပေးမည်ဟုဆိုကာ မေလ ၁၆ ရက်နေ့က ထိုသို့ ကောက်ယူ သွားခြင်းဖြစ်သည်။

ငွေကောက်ခံရာတွင်လည်း ရ၀၀၀ ကျပ် မပေးနိုင်သူများထံမှလည်း ၃၀၀၀ ကျပ်၊ ၄၀၀၀ ကျပ် စသဖြင့် ကောက်ယူသွားသဖြင့် သူ၏ ငွေကောက်ခံမူ အပေါ် ကျေးရွာသားများက သံသယ ဖြစ်ကျန် နေခဲ့ကြောင်း NLD အဖွဲ့ဝင် လူငယ် တစ်ဦးက ပြောသည်။

" လိုင်စင်ကြေးအတွက် ရ၀၀၀ ကျပ်ပေးသွင်း ရမယ်လို့ သတ်မှတ်ထားရင် ရ၀၀၀ ကျပ်ဘဲ သူတို့ ကောက်ရမှာပေါ့။ အခုတော့ သူတို့က ၃၀၀၀၊ ၄၀၀၀ ကျပ်ပေးရင်လည်း ယူတဲ့ အတွက် ဒီလိုမျိုး ကောက်ခံတဲ့ အပေါ် ဒေသခံ ဟွန်ဒါ စက်လှေပိုင်ရှင်တွေက သံသယတွေ ဖြစ်နေကြပါတယ်။ လိမ်လည်ကောက်ခံသွားတယ်လို့ မြင်နေကြတယ်။ ဒါကြောင့်် ဒီကိစ္စ ပြည်ပ မီဒီယာကို ကျွန်တော်တို့ သတင်းပေးပို့တာ ဖြစ်ပါတယ်" ဟု ပြောသည်။

Ngarotkong_Village_1

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့ ကုန်လမ်းနှင့် ပြည်တွင်းရေကြောင်း သယ််ယူ ပို့ဆောင်ရေးရုံးကို ဆက်သွယ်မေးမြန်းကြည့်ရာ ရုံးတာဝန်ရှိသူ အမျိုး သမီးတဦးက ယခုကဲ့သို့ ကောက်ခံခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

" ဒီဌာနက မလွတ်ပါရှင့်၊ ဘယ်ဌာနကများ မသိပါ။ တောင်ကုတ် ပို့ဆက် ရုံးက ကောက်ခံတာတော့ မဟုတ်ပါ။ ပို့ဆက်အရာရှိ ဦးကျော်ငြိမ်းမောင်ကလည်း ၀န်ကြီး ခရီးစဉ်အတွက် လုပ်ပေးနေရတာက အခုဘဲ ပြန်ရောက်ပါတယ်။ ကျွန်မတို့ဆီက ကောက်ခံတာ မရှိပါဘူး" ဟု ပြောသည်။
Ngarotkong_Village_2
ယခင်က စက်လှေပိုင်ရှင်များထံမှ မြို့နယ် မယကမှ သာ ကောက်ခံလေ့ရှိပြီး ပို့ဆောင် ဆက်သွယ်ရေးမှ တစ်ကြိမ်တစ်ခါမျှ ငွေကောက်ခံခြင်း မရှိကြောင်း သိရသည်။

ငရုတ်တောင်ကျေးရွာမှာ အိမ်ခြေ ၂၀၀ နီးပါးရှိသော တောင်ကုတ်မြို့နယ်အတွင်းရှိ ပင်လယ်ကျွန်းပေါ်တွင် တည်ရှိပြီး တောင်ကုတ်မြို့နှင့် တခြားနေရာများကို သွားလာရာတွင် ရေလမ်းခရီးကို အဓိက အသုံးပြု သွားလာ ရသော ကျေးရွာတရွာ ဖြစ်သည်။

Most read this week