တာကာ သန်း ၉၀ ဖိုးရှိ မြန်မာမှ တင်သွင်းသော ယာဘားဆေးပြားများ ဘင်္ဂလာ၌ ဖမ်းဆီးမိ

တာကာ သန်း ၉၀ ဖိုးရှိ မြန်မာမှ တင်သွင်းသော ယာဘားဆေးပြားများ ဘင်္ဂလာ၌ ဖမ်းဆီးမိ
by -
နိရဥ္စရာ

အရေအတွက် အားဖြင့် ပမာဏ အများဆုံး ဖြစ်သော တာကာ သန်း ၉၀ ဖိုးရှိ ယာဘာဆေးပြားများကို ဘင်္ဂလာဒေချ့်အာဏာပိုင်များက နိုင်ငံ၏ ဒုတိယ မြို့တော် စစ်တကောင်းတွင် သောကြာနေ့က ဖမ်းဆီးလိုက်သည်။

ဘင်္ဂလာဒေချ့်မှ RAB ခေါ် အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့
" ဒီ ယာဘားဆေးပြားတွေကို မြန်မာနိုင်ငံက တင်သွင်းလာတဲ့ ဇီးတော်ဖီအိတ်တွေထဲမှာ သိုဝှက်ယူလာ ပါတယ်။ ကျွန်တော်တို့က စစ်တကောင်း ဆိပ်ကမ်းကနေ တင်ယူလာတဲ့ ကားကို ရပ်တန့် စစ်ဆေးတဲ့ အခါ ယာဘားဆေးပြား ၂၇၀၀၀၀ ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်" ဟု အထူး မူခင်း နှိမ်နှင်းရေး တပ်ဖွဲ့ ( Rapid Action Battalion) သတင်းထုတ်ပြန်ရေး တာဝန်ခံ မေဂျာ အမ်းဆောဟေ ပြောသည်။

ဖမ်းဆီးမိသော ယာဘားဆေးပြားမှာ ဘင်္ဂလာဒေချ့် သမိုင်းတွင် အရေအတွက်အများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ပြီး တန်ဖိုးအားဖြင့် တာကာ သန်း ၉၀ ဖိုး (မြန်မာကျပ်ငွေနှင့် ဆိုလျှင် သန်း ၉၀၀ ဖိုးခန့်) ရှိသည်ဟု သူက ပြောသည်။

ဆေးပြားများနှင့် အတူ ဘင်္ဂလာဒေချ့်မှ မူးယစ်ရာဇာ တစ်ဦး အပါအဝင် တခြား လူ ၃ ဦးကို ဖမ်းဆီးရမိ ကြောင်း သူကဆက်ပြောသည်။

" ကျွန်တော်တို့ အလိုရှိနေတဲ့ မူးယစ် ရာဇာ တစ်ဦးနဲ့ အတူ လူသုံးဦးကို ဖမ်းမိပါတယ်။ သူတို့က ဒီဆေးပြားတွေကို မော်တော်ဘုတ်တွေနဲ့ အတူ ကြာသပတေး ညနေကတည်းက စစ်တကောင်း ဆိပ်ကမ်းက တင်ယူလာပါတယ်။ ကျွန်တော်တို့ သူတို့ တင်ယူလာတဲ့ ဇီးတော်ဖီ အိတ်တွေကို ညလုံးပေါက် ရှာဖွေရာမှာ ခုလို ရှာဖွေ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

၎င်းယာဘားဆေးပြားကို စစ်တကောင်း အခြေစိုက် အထူးမူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ အမှတ် (၇) နှင့် အမှတ် (၁) ပူးပေါင်း ဖမ်းဆီးမိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ တင်သွင်းသော ယာဘားများကို နည်းမျိုးစုံဖြင့် ဘင်္ဂလာဒေချ့်သို့ တင်သွင်းနေကြရာ ယခုကဲ့သို့ တရားဝင် တင်သွင်းခွင့်ရထားသည့် ဇီးတော်ဖီအိတ်များထဲတွင် သိုဝှက် ယူဆောင်လာသည်ကို ဖမ်းမိသည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။

ယခုကဲ့သို့ ဖမ်းဆီးရမိသဖြင့် မြန်မာနိုင်ငံမှ တရားဝင် တင်သွင်းလာသော ကုန်ပစ္စည်းများ အပေါ် ယခင်ကထက် ရှာဖွေမူများနှင့် ကန့်သတ်ချက်များ တိုးများလာနိုင်ကြောင်း နယ်စပ်နေ ကုန်သည်များက ပြောသည်။

Most read this week