အစိုးရသစ် တက်လာပေမယ့် လယ်သမားတွေ ဆက်လက် ဖိနှိပ်ခံနေရဆဲ

အစိုးရသစ် တက်လာပေမယ့် လယ်သမားတွေ ဆက်လက် ဖိနှိပ်ခံနေရဆဲ
by -
နိရဥ္စရာ

အစိုးရသစ် တက်လာပေမယ့် လယ်သမားတွေ ဆက််လက် အဖိနှိပ်ခံနေရတုန်းဘဲ ဖြစ်တယ်လို့ မတရားသဖြင့် တရားစွဲခံရပြီး တရားရုံးတက်နေတဲ့ ရသေ့တောင်မြို့နယ် နီပူခံ ကျေးရွာက လယ်သမား တစ်ဦးက ပြောပါတယ်။

burma-peasant-farmers

" အစိုးရသစ် တက်လာတဲ့ အတွက် အသိမ်းခံထားရတဲ့ လယ်မြေတွေကို ပြန်ပေးတော့မယ်ဆိုတဲ့ အတွက် စစ်တပ်က သိမ်းယူထားတဲ့ ကိုယ့်လယ်တွေကို ကိုယ် ပြန်တက်တာနဲ့ စစ်တပ်ကျော့ထောက် နောက်ခံပြုထားတဲ့ စီးပွားရေး သမား ဦးစောအောင်သိန်းက ကျူးကျော်မူနဲ့ တရားစွဲလိုက်တဲ့ အတွက် အခု လယ်သမား ၂၆ ဦးဟာ တရားရုံး တက်နေရတယ်။ အရပ်သား အစိုးရလက်ထက်ရောက်မှ ဒီလို အဖြစ် ကြံုရတဲ့ အတွက် အထူး စိတ်ပျက်မိပါတယ် ။စစ်အစိုးရ လက်ထက်ကတောင် ဒီလိုမျိုး လယ်သမားတွေကို တရားစွဲဆိုတာ မရှိခဲ့ပါဘူး။"

နီပူခံကျေးရွာမှ အမည်မဖေါ်လိုသူ လယ်သမားကြီးဟာ မနေ့က (မေလ ၆ ရက်)နေ့က ရသေ့တောင်မြို့နယ် တရားရုံးမှာ ရုံးချိန်း ရှိတဲ့ အတွက် တခြား လယ်သမားကြီး ၂၅ ဦးနဲ့ အတူ တရားရုံးကို တက်ရောက်လာစဉ်မှာ သူ့အမြင်ကို နိရဥ္စရာသို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

" ကျွန်တော် လယ်သမား ၂၆ ဦးက ရသေ့တောင်မြို့ နယ် မေယူကမ်းမှာ တည်ရှိတဲ့ နီပူခံ၊ ကောင်းရီချောင်း၊ ကျွန်းချောင်းနဲ့ ပေါင်းစား ကျေးရွာက ဖြစ်ပါတယ်။ ဖြစ်တာက စစ်တပ်က ကျွန်တော်တို့ ရွာသားတွေပိုင်ဆိုင်တဲ့ လယ်ဧက ၁၈၀၀ ကို ၁၉၉၆ ခုနှစ်က စစ်တပ် အထက်အမိန့်အရ မြေလွှတ် မြေရိုင်းတွေ ဖေါ်ထုတ်တဲ့ အခါ ကျွန်တော်တို့ ဓါးမ ဦးချ လုပ်ကိုင်လာတဲ့ လယ်ဧက ၁၈၀၀ ကို မြေလွှတ် မြေရိုင်းတွေ ဖြစ်တယ်ဆိုပြီး အတင်း ဓမ္မ သိမ်းယူသွားပါတယ်။ အစိုးရသစ် တက်လာတဲ့အခါ အဲဒီလယ်တွေဟာ ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာတဲ့ လယ်တွေ ဖြစ်ပါတယ်လို့ တင်ပြတဲ့ အတွက် ရခိုင် ၀န်ကြီး အဖွဲ့က လာရောက်စစ်ဆေးတဲ့ အခါ စစ်တပ်က သိမ်းဆည်းတာက လယ်ဧက ရ၅၀ သာ ဖြစ်တယ်။ ကျန်တဲ့ မြေတွေ မပါဘူးလို့ ပြောတဲ့ အတွက် ကိုယ့်လယ်ပေါ် ကိုယ်ပြန်တက်တော့ စောအောင်သိန်းက ပိုင်နက်ကျူးကျော်မူ၊ ပုဇွန် ခိုးမူ၊ သူတပါး အကျိုးစီးပွား ပျက်စီးစေမူနဲ့ လောင်းချောင်း ရဲစခန်းမှာ တရားစွဲ ပြီး အမူဖွင့်တဲ့ အတွက် ကျွန်တော်တို့က အခု တရားခံတွေ အဖြစ်နဲ့ ရုံးတက်နေကြရတာ ဖြစ်ပါတယ်။"

သိမ်းယူစဉ် လယ်သမားတွေက လယ်တွေကို မပေးလိုတဲ့ အတွက် လယ်သမား အများအပြားကို စစ်တပ်က ကြိုးနဲ့ တုတ်ပြီး ညှဉ်းပမ်းနှိပ်စက်မူတွေ ပြုလုပ်ခဲ့တယ်လို့လည်း အဲဒီ လယ်သမား အမူကို လိုက်ပါ ကူညီနေတဲ့ ရသေ့တောင်မြို့ပေါ်က ပညာတတ် လူငယ် တစ်ဦးကလည်း ပြောပါတယ်။

" ပြောရရင်တော့ဗျာ။ စစ်တပ်ထဲက အကျင့်ပျက် အရာရှိ တချို့နဲ့ ဦးစောအောင်သိန်းက တပ်မတော်ကို အသုံးချပြီး ကိုယ်ကျိုး အတွက် လုပ်စားနေကြတာ ဖြစ်ပါတယ်။ စစ်တပ််က သိမ်းယူတာက လယ်ဧက ရ၅၀ ဖြစ်ပါတယ်။ စစ်တပ်ကနေ ဦးစောအောင်သိန်းကို သိမ်းတဲ့ လယ် ရ၅၀ ဧက ကို ဌားတော့ သူက ဘယ်လို လူလည်ကျသလဲ ဆိုရင် စစ်တပ် သိမ်းတဲ့ အထဲမှာ မပါတဲ့ လယ်တွေကိုလည်း စစ်တပ်က သိမ်းတဲ့ အထဲမှာ ပါတယ်ဆိုပြီး စစ်အရာရှိ တချို့ကို ပိုက်ဆံပေး ချဉ်းကပ်ပြီး လယ်ဧက ၁၈၀၀ ထိကို သိမ်းယူပြီး တစ်ဦးတည်းပိုင် လုပ်စားနေခဲ့တာ ဖြစ်ပါတယ်။ လယ်မပေးတဲ့ လယ်သမားတွေကို အကျင့်ပျက် စစ်အရာရှိ တချို့နဲ့ ပေါင်းပြီး ကြိုးနဲ့ တုတ်ကာ နှိပ်စက်မူတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အချိန်က စပြီး အဲဒီ လယ်မြေတွေကို စစ်တပ်ဆီက ဌားပြီး ဦးစောအောင်သိန်း လုပ်စားနေတာ ဒီနေ့ထိပါဘဲ။"

အခုလို လယ်သမားတွေကို နှိပ်စက်ခဲ့တဲ့ အပြင် အခုအခါမှာလည်း တရားသူကြီးတွေကို ပိုက်ဆံပေးပြီး အမူကို ကြန့်ကြာအောင် လုပ်နေတယ်လို့ လယ်သမား တစ်ဦးက စွပ်စွဲ ပြောဆိုပါတယ်။

" ကျွန်တော်တို့ကို တရားရုံးတင်ပြီး အမူ စစ်တာက မတ်လ ၉ ရက်နေ့က ဖြစ်ပါတယ်။ အခုအချိန်ထိ ရုံးတက်ရတာကတော့ ၆ ကြိမ် နီးပါး ရှိခဲ့ပါပြီ။ ကျွန်တော်တို့ တရားခံတွေကို တစ်ဦး တစ်ယောက်ကိုမှ တရားရုံးက မစစ်ဆေးသေးဘူး။ တရားလိုဘက်က လိုပြသက်သေတွေကိုဘဲ စစ်ဆေးနေပါတယ်။ တရားလိုပြ သက်သေကလည်း ၁၆ ဦးမှာ ၆ ဦီးကိုသာ စစ်ဆေးပါသေးတယ်။ ဒါက ဘာကြောင့်လည်းဆိုရင် အမူကို အချိန်ဆွဲပြီး ကျွန်တော်တို့ လယ်သမား ၂၆ ဦးကို အလုပ်ပျက် အကိုင်ပျက် ဖြစ်အောင် ဦးစောအောင်သိန်းက စီစဉ်နေတာ ဖြစ်ပါတယ်။ တရက်တလေဆိုရင် တရားလိုတွေ မလာတဲ့ အတွက် အမူ မစစ်ဘဲ အိမ်ကို ပြန်သွားရတာတွေလည်း ရှိပါတယ်။"

လယ်သမား ၂၆ ဦးဟာ သူတို့ရွာတွေက စက်လှေနဲ့ မေယူမြစ်ကို ဖြတ်ပြီး ရုံးလာတက်ရတဲ့ အတွက် ငွေတွေလည်း အရမ်းကုန်ကျနေတယ်လို့ ပြောပါတယ်။ လူတစ်ဦးအသွား အပြန် စက်လှေခ ၁၀၀၀ ကျပ်ဖြစ်ပြီး တရား စစ်ဆေးပြီးတာနဲ့ အိမ်ကို မပြန်နိုင်ဘဲ ရသေ့တောင်မြို့ပေါ်မှာဘဲ အိပ်ရတဲ့ အတွက် စားစရိတ်၊ တည်းခို စရိတ် စသဖြင့် ငွေကုန်ကြေးကျ အထူးများနေရတယ်လို့ နောက်ထပ် လယ်သမား တစ်ဦးကလည်း ပြောပါတယ်။

" ကျွန်တော်တို့ လယ်သမားတွေမှာ တရားရုံးကို အဝေးကြီးက စက်လှေနဲ့ လာရတဲ့ အတွက် အခက်အခဲတွေ အများကြီး ကြံုနေရပါတယ်။ ထောင်ချမယ်ဆိုရင်လည်း ချလိုက်ပါလို့ ပြောချင်ပါတယ်။ ဒီလို တရားရုံးတက်ရတာကိုတော့ မလိုချင်တော့ပါဘူး။ ဒါကြောင့် အထက်လူကြီးတွေကို ပြောချင်တာက ကျွန်တော်တို့ လယ်သမားတွေကို သနားငဲ့ညှာသောအားဖြင့် အမူကို အမြန်ဆုံး ပြီးပြတ်အောင် စီရင်ချက် ချစေလိုပါတယ်။”

နောက်ဆုံး ရရှိတဲ့ သတင်းအရ အဲဒီ ဒေသက လယ်သမား နောက်ထပ် ၁၉ ဦးကိုလည်း လယ်မြေတွေကို ပြန်ပေးဖို့ တောင်းဆိုတဲ့ အတွက် စစ်တပ် နောက်ခံပြုထားတဲ့ စီးပွားရေး သမားတွေက တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။ အခုလို လယ်သမားတွေကို အစုလိုက် အပြံုလိုက် တရားစွဲခံရတာကတော့ ရခိုင်ဘက်မှာ အခုတစ်ကြိမ်ဟာ အများဆုံးအရေအတွက် ဖြစ်တယ်လို့ သိရပါတယ်။

Most read this week