သင်္ကြန်တွင်ပြုလုပ်သော ထိုင်းနိုင်ငံမှ ရခိုင်ရိုးရာ ကျင်ပွဲ အထူးစည်ကား

သင်္ကြန်တွင်ပြုလုပ်သော ထိုင်းနိုင်ငံမှ ရခိုင်ရိုးရာ ကျင်ပွဲ အထူးစည်ကား
by -
နိရဥ္စရာ

ကျင်သန်များ အပါအဝင် ကျင်ဝါသနာ ပါသူ ၂၀၀ ကျော် ပါ၀င် ယှဉ်ပြိုင် ကစားခဲ့သော သင်္ကြန်ကာလ ထိုင်းနိုင်ငံမှ ရခိုင်ရိုးရာ ကျင်ပွဲမှာ အထူး စည်ကားခဲ့ကြောင်း သတင်း ရရှိသည်။

Rakhine-Kyin

၎င်းကျင်ပွဲကို သင်္ကြန်အကျနေ့ ဖြစ်သော ဧပြီလ ၁၄ ရက်နေ့က ထိုင်းနိုင် ဖူးကတ်မြို့ ပါသောင် ကမ်းခြေ မနှင်းဆီ ပန်းရံ အလုပ်ဆိုက်တွင် လေးဝတီ မျိုးချစ် ရခိုင်လူမှုရေး အသင်းမှ ကြီးမှူး ကျင်းပခဲ့သည်။

" အခုနှစ် သင်္ကြန်မှာ ကျင်းပခဲ့တဲ့ ရခိုင်ရိုးရာ ကျင်ပွဲက (၈) ကြိမ်မြောက် ဖြစ်ပါတယ်။ ကျင်အားကစားကို စိတ်ဝင်စားသူတွေရော၊ တကယ့်ကျင်အားကစားသမားတွေရော စုစုပေါင်း ၂၀၀ ကျော်ခန့် ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အတွက် ကျွန််တော်တို့ ပြုလုပ်ခဲ့တဲ့ ကျင်ပွဲကတော့ အထူး စည်ကားခဲ့ပါတယ်။ ပရိသတ်လည်း ၂၀၀၀ နီးပါး တက်ရောက်ပြီး ကျင်ပွဲကို အားပေးခဲ့ကြပါတယ်" ဟု လေးဝတီ မျိုးချစ် ရခိုင်လူမှူရေး အသင်း ဥက္ကဋ္ဌ ကိုစိုးမြင့် မှ ပြောသည်။

ရခိုင်ရိုးရာ ကျင်ပွဲကို ရခိုင်အမျိုးသားများသာများသာမက တခြား မြန်မာတိုင်းရင်းသားများ ဖြစ်ကြသည့် ဗမာ၊ မွန်၊ ထားဝယ် တိုင်းရင်းသားများလည်း လာရောက်ကြည့်ရှု့ခဲ့ကြသည်။

" ကျွန်တော်တို့ ရခိုင်တွေသာမက တခြားတိုင်းရင်းသားတွေလည်း လာရောက်ပြီး စိတ်ဝင်တစား ကျင်ပွဲကို ကြည့်ရှု့ခဲ့ကြပါတယ်။ သင်္ကြန် အလုပ်ပိတ်ရက်ဆိုတော့ အလုပ်သမားတွေက တော်တော်များများ လာကြပါတယ်။ ကိုယ်ရိုးရာ အားကစား ပွဲတော် တစ်ခုကို သူများ နိုင်ငံမှာ ဒီလို ကြီးကြီးမားမား လုပ်နိုင်တဲ့အတွက် အထူး ၀မ်းမြောက် ဂုဏ်ယူပါတယ်" ဟု ကျင်ပွဲကို သွားရောက်ခဲ့သူ ရမ်းဗြဲ လေးတောင်မှ ကိုသန်းရွှေက ပြောသည်။

ကျင်ပွဲတွင် ရွှေမောင်းတန်း ပထမဆုကို မောင်မောင်ထွန်း (ရမ်းဗြဲ) မှ၎င်း၊ ဒုတိယ ဆုကို ဦးကျော်မြင့် (ရသေ့တောင်)မှ၎င်း ရရှိသွားခဲ့သည်။ ပထမဆုကို ဘတ်ငွေ (၈၀၀၀၀) သောင်းကျော် ချီးမြှင့်ခဲ့သည်ဟု သိရသည်။

ကျင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်း ကိုစိုးမြှင့်က ယခုလို ပြောသည်။

" ထိုင်းနိုင်ငံမှာ ရခိုင်ရိုးရာ ကျင်ပွဲကို အဓိက ကျင်းပ ကြတာ နေရာ ၆ ခုလောက်မှာ ကျင်းပ ကြပါတယ်။ ကျွန်တော်တို့ ဖူးကတ်မြို့ ပါသောင်ကမ်းခြေမှာ ကျင်းပရတာကတော့ ကိုယ့်ရိုးရာ အားကစားကို မြေတောင်မြောက်ပေးချင်တဲ့ ရည်ရွယ်ချက် ပါတဲ့ အပြင် ဒီရိုးရာ အားကစားကို နိုင်ငံတကာနဲ့့ မိတ်ဆက်ပေးလိုတဲ့ ရည်ရွယ်ချက်လည်း ပါ၀င်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ သိရသလောက် ရခိုင်ရိုးရာ အားကစား ကျင်ကို အရှေ့တောင်း အာရှ (ဆီးဂိမ်း) မှာတောင် ထည့်သွင်းဖို့ အဆိုပြုထားတဲ့ အတွက် ဒီအားကစားကို ပိုမိုပြီး လူသိလာအောင် လုပ်တဲ့ သဘောလည်း ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ကျင်အားကစားကို လိုက်စားခြင်းဖြင့် ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်းခြင်း၊ ဆေးလိပ် အရက် သေစာ သောက်စား မူးယစ်ခြင်းမှ ကင်းဝေးပြီး နုပျို လန်းဆန်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ အရလည်း တည်ငြိမ်မူနှင့် တိုးတက်မူ ရရှိခြင်းတို့ အပြင် ကျင်ပွဲကို ကျင်းပခြင်း ဖြင့် မိမိ တို ့၏ ဓလေ့ ရိုးရာ များကို ထိန်းသိမ်းရာရောက်ခြင်း၊ ရခိုင်တမျိုးသားလုံး စည်းလုံးပြီး အချင်းချင်း ကူညီရိုင်းပင်းလိုစိတ်ဖြစ်ပေါ်လာစေခြင်း စသည့် အကျိုးကျေးဇူးများကိုလည်း ရရှိကြောင်း ကိုစောမြှင့်က နိရဥ္စရာသို့ ပြောသည်။

ကျင် ဆိုသည်မှာ ကျားနှင့် ယင် တစ်ကောင်နှင့် တစ်ကောင် အဖမ်း၊ အရုန်း၊ အပြေး၊ အချ စသည့်ကို အတုယူပြီး ပြုလုပ်ထားသော အားကစားနည်း ဖြစ်ပြီး ကျင်ဆိုသည်မှာ ကျားယင် ဆိုသာ စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်ကာ ရှေးခေတ် ရခိုင် ဘုရင် လက်ထက်မှ စပြီး ကစားလာသော ရိုးရာ အားကစား တစ်ခု ဖြစ်ကြောင်း သိရသည်။

ယခု ပြုလုပ်သော ရခိုင်ရိုးရာ ကျင်ပွဲတွင် ရခိုင်စည်တော်များ တီးခတ်ပြီး အားပေးခဲ့ကြသလို ရခိုင် သံဃာ့တော်များ၊ အမျိုးသမီးများလည်း တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာသူများကို ရခိုင် ထမင်း ဖြင့် ဧည့်ခံပြီး ကျင်ပွဲ ကို ညနေ ၆ နာရီ ခွဲ ခန် ့တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြောင်း သိရသည်။

Most read this week