ကူဝိတ်သဲကန္တာရထဲတွင် မြန်မာ အလုပ်သမား ၁၆၀ ဒုက္ခတွေ့နေ

ကူဝိတ်သဲကန္တာရထဲတွင် မြန်မာ အလုပ်သမား ၁၆၀ ဒုက္ခတွေ့နေ
by -
နိရဥ္စရာ

ကူဝိတ်နိုင်ငံတွင် လက်သမား အလုပ် လုပ်ရမည်ဟု ဆိုကာ ခေါ်ယူသွားသော မြန်မာနိုင်ငံသား ၁၆၀ ကို သဲကန္တာရထဲတွင် မြေတူးသည့် အလုပ်ကြမ်းများ စေခိုင်းနေသဖြင့် အထူး ဒုက္ခရောက်နေကြရကြောင်း မြန်မာနိုင်ငံသား တစ်ဦးမှ နိရဥ္စရာသို့ ပေးပို့သောစာတွင် ဖေါ်ပြထားသည်။

kuwait-desert
မြန်မာနိုင်ငံသား ၁၆၀ အား ၂၀၁၁ ခုနှစ်အောက်တိုဘာလအတွင်းက ရွှေအင်အား ကုမ္ပဏီမှ ကူဝိတ်နိုင်ငံတွင် လက်သမားများ အလုပ် ရမည်ဆိုကာ ပို့ပေးခဲ့ကြောင်း၊ သို့သော်လည်း ကူဝိတ်နိုင်ငံသို့ ရောက်သောအခါ လက်သမား အလုပ်ကို မလုပ်ရဘဲ ကူဝိတ်နိုင်ငံ၏ သဲကန္တာရ တစ်ခုသို့ပို့ကာ မြေတွင်းများတူးသည့် အလုပ်များ စေခိုင်းနေကြောင်း၊ သူတို့အား ကူဝိတ်နိုင်ငံတွင် တရားဝင် နေထိုင်ခွင့် ကဒ်ပြားများကိုလည်း ထုတ်ပေးခြင်း မရှိကြောင်း၊ သို့အတွက် ကျန်းမာရေး ချို့ယွင်းသူ မြန်မာနိုင်ငံသားများကို ဆေးရုံပြ၍လည်း မရဘဲ ဖြစ်နေကြောင်း အဆိုပါ ပေးပို့သော စာတွင် ဖေါ်ပြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကူဝိတ်နိုင်ငံရောက် ရခိုင်လူငယ် တစ်ဦးကို နိရဥ္စရာက မေးမြန်းရာသူက ယခုလို ပြောသည်။

" အခု သူတို့က တော်တော် ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။ သူတို့ကို ကူဝိတ်နိုင်ငံက စက်ရုံ တစ်ခုမှာ လက်သမား အလုပ်တွေ ရမယ်ဆိုပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ အခု ကူဝိတ်နိုင်ငံကိုရောက်တော့ သဲကန္တာရ တစ်ခုကို စေလွှတ်ပြီး မြေတူးခိုင်းတယ်လို့ သိရပါတယ်။ မြေတူးရတာကလည်း အောက်ကို လူအရပ် ၂ ရပ်စာနဲ့ အနိမ့်ဆုံး ဆိုရင် တစ်ရပ် လက်တခတ်ထိ အဲသလိုမျိုး တူးရတယ်လို့ ပြောပါတယ်။ ဆောင်းတွင်းဆို ချမ်းကလည်း အရမ်းချမ်းတဲ့ သဲကန္တာရထဲမှာ တစ်နေ့မှ မအားရဘဲ နေ့တိုင်း တူးနေရတယ်လို့ ကျွန်တော် ဆီကို အကြောင်းကြားပါတယ်။ ပေးတဲ့ လစာကလည်း တစ်လကို အမေရိကန်ဒေါ်လာ ၃၀၀၊ ကူဝိတ်ပိုက်ဆံ ဆိုရင် (ကူဝိတ်ဒီနာ ၉၀)ရတယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။

အဆိုပါ အလုပ်သမားများအား ရွှေအင်အား ကုမ္ပဏီမှ တစ်လ ကျပ် (၅) သိန်းနှင့် (၆)သိန်း အကြားရမည် ဆိုကာ ကူဝိတ်နိုင်ငံသို့ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" ဒါ့ပြင် ပိုဆိုးတာက သူတို့ နေမကောင်းရင် ဆေးခန်းပြတာ၊ ဆရာဝန်ကို ခေါ်ပြတာတွေလည်း မရှိဘူးလို့ သိရပါတယ်။ ဗမာကောင်လေး တစ်ယောက်က ခြေထောက်ကျိုးသွားတာ ဆေးရုံပြတာ မရှိဘဲ အေးဒီ ကန္တာရထဲမှာဘဲ ဖြစ်သလိုကုနေရတယ်လို့ ပြောပါတယ်။ အခု တစ်လလောက်တောင် ရှိနေပြီး အလုပ်တောင် မဆင်းနိုင်သေးဘူးလို့ သိရပါတယ်။ ကျောက်ဖြူက ကောင်လေး တစ်ယောက်လည်း အစာအိမ်ရောဂါ ဖြစ်ပြီး ဗိုက်အောင့်တာကို ဆေးရုံမပြဘဲထားတယ်လို့ သိရပါတယ်။ ဗိိုက်အောင့်ရင် အလုပ်မဆင်းနိုင်ဘူး။ သက်သာရင် အလုပ်ဆင်းတယ်။ အလုပ်မဆင်းရင် ပိုက်ဆံကိုလည်း ဖြတ်တယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။

မြန်မာ အလုပ်သမားများအား ကူဝိတ်သို့ ပို့ဆောင်သော ကုမ္ပဏီမှာ ရန်ကုန် လှိုင်သာယာ FMI ထဲတွင် ရုံးခန်းဖွင့် ထားပြီး အဆိုပါ ကုမ္ပဏီမှ မင်းသူဟု အမည်ရသော လူယုံ တစ်ယောက်ကိုလည်း ကူဝိတ်နိုင်ငံသို့ စေလွှတ်ပြီး အလုပ်သမားများကို ကြီးကြပ်နေကြောင်း သိရသည်။

ယခုအခါ ကိုမင်းသူမှာ ဘာသာပြန်အဖြစ် ဆောင်ရွက်နေပြီး မြန်မာ အလုပ်သမားများဘက်မှ မရပ်တည်ဘဲ ကုမ္ပဏီဘက်မှ ရပ်တည်ကာ မြန်မာ အချင်းချင်း ခွဲခြားဆက််ဆံမူများ ရှှိနေကြောင်း သိရသည်။ မြန်မာ အလုပ်သမားများ လုပ်နေသော ကုမ္ပဏီမှာ ကူဝိတ်နိုင်ငံတွင် လာရောက် အလုပ် လုပ်နေသော ကိုးရီးယား အခြေစိုက် SAMSUNG ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

မြန်မာ အလုပ်သမား ၁၆၀ တွင် ၃၀ ခန့်မှာ ရခိုင်အမျိုးသားများ ဖြစ်ပြီး ထိုအထဲမှ အများစုမှာ ကျောက်ဖြူမှ ဖြစ်ကြောင်း သိရသည်။ ရွှေအင်အားကုမ္ပဏီသည် ကျောက်ဖြူမြို့တွင် လာရောက် အလုပ် လုပ်စဉ် ကုမ္ပဏီနှင့် အလုပ် အတူတူ လုပ်ဖူးသော လက်သမားများကို ကူဝိတ်နိုင်ငံ စက်ရုံ တစ်ခုတွင် လက်သမား အလုပ်ရမည်ဆိုကာ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week