ကူးတို့လှေနစ်၍ အလယ်တန်း ကျောင်းသား ၅ ဦးရေနစ် သေဆုံး

ကူးတို့လှေနစ်၍ အလယ်တန်း ကျောင်းသား ၅ ဦးရေနစ် သေဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကူးတို့လှေ တစ်စီး နစ်သွားသဖြင့် ကျောင်းသား ကျောင်းသူ ၅ ဦး ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

Rakhine-School
ရခိုင်မှ အစိုုးရ စာသင်ကျောင်း သေဆုံးသွားသော ကျောင်းသားများ ဘူးသီးတောင်မြို့နယ် နွားရုံတောင် ကျေးရွာမှ ဖြစ်ကြသည်။

" လှေနစ်တာက လွန်ခဲ့တဲ့ သောကြာနေ့ နံနက်မှာ နစ်သွားတာ ဖြစ်ပါတယ်။ စေတီတောင်ရွာကို ကျောင်း တက်ဖို့ အသွား လှေနဲ့ ချောင်းကို ဖြတ်အကူူးမှာ လှေဗိုက်ပေါက်သွားပြီး နစ်ရာကနေ ကျောင်းသား ၅ ဦးသေဆုံးသွားတာ ဖြစ်ပါတယ်" ဟု ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

သေဆုံးသူ ကျောင်းသားများမှာ ကိုဇော်ဇော်ဦး (၇ တန်း)၊ မဖြူဖြူခင် (၇တန်း)၊ မအေးစံ (၆ တန်း)၊ မသန်းသန်းနု (၇ တန်း)နှင့် အင်္ဂလိပ်မ (၈ တန်း) တို့ ဖြစ်ကြသည်။

" ကျွန်တော်တို့ရွာက အိမ်ခြေ ၃၀၀ နီးပါး ရှိပါတယ်။ ဒါပေမယ့် အလယ်တန်းကျောင်း မရှိတဲ့ အတွက် မူလတန်းအောင်ရင် ရွာက ၂ နာရီခန့် သွားရတဲ့ စေတီတောင် တွဲဘက် အထက်တန်းကျောင်းကို သွားတက်ရပါတယ်။ စေတီတောင်ကို သွားရင် ချောင်းတစ်ချောင်းကို လှေနဲ့ ဖြတ်ကူးရပါတယ်။ အဲသလို ချောင်းကူးရာမှာ လှေနစ်ပြီး ခလေးတွေ ဆုံးသွားရတာ ဖြစ်ပါတယ်" ဟု သူက ဆက် ရှင်းပြသည်။

လှေနစ်စဉ် လှေပေါ်တွင် စေတီတောင်ကျေးရွာသို့ ကျောင်းတက်သွားသူ ကျောင်းသား ၁၈ ဦး ပါရှိ ကျန်ကျောင်းသားများကို အနီးအနားရှိ လှေများက ကယ်ဆယ်ခဲ့သဖြင့် အသက်ဘေးမှ လွှတ်မြောက် ခဲ့ရကြောင်း သူက ပြောသည်။

နွားရုံတောင် ကျေးရွာမှာ ဘူးသီးတောင်မြို့နယ် တောင်ဘက်ပိုင်းတွင် တည်ရှိပြီး ရွာကြီး တစ်ရွာ ဖြစ်သော်လည်း အစိုးရမှ အလယ်တန်းကျောင်းကို ယခုထက်တိုင် ချမပေးသေးသဖြင့် မူလတန်းအောင် ကျောင်းသားများမှာ စေတီတောင် တွဲဘက် အထက်တန်းကျောင်းသို့ နေ့ချင်းပြန် သွားရောက် ပညာသင်ကြားနေကြရကြောင်း သိရသည်။

Most read this week