မြန်မာ သံရုံးရှေ့တွင် ရခိုင် အမျိုးသမီးများက ဆင်ဖြူများကို ပြန်ပို့ရန်နှင့် ရွှေဂတ်(စ်) ရပ်တန့်ရန် တောင်းဆို

မြန်မာ သံရုံးရှေ့တွင် ရခိုင် အမျိုးသမီးများက ဆင်ဖြူများကို ပြန်ပို့ရန်နှင့် ရွှေဂတ်(စ်) ရပ်တန့်ရန် တောင်းဆို
by -
မင်းဆက်ခိုင်

ဒက္ကားမြို့ရှိ မြန်မာ သံရုံးရှေ့တွင် ရခိုင်ပြည်နယ်မှ ယူဆောင်သွားသော ဆင်ဖြူများကို ပြန်လည် ပို့ဆောင်ပြီး ရခိုင်လူထု လက်ထဲသို့ပြန်အပ်နှံ ရန်နှင့် လက်ရှိ လုပ်ဆောင်နေသည့် ရခိုင်မှ ရွှေဂတ်(စ်) စီမံကိန်း ရပ်တန့်ရန် ရခိုင်အမျိုးသမီး များက ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

Demonstration-white-elephane-backအဆိုပါ ဆန္ဒပြပွဲကို ဒီဇင်္ဘာလ ၁ ရက်နေ့ နံနက် ၁၀နာရီခွဲခန့်တွင် ဒက္ကားမြို့ရှိ မြန်မာသံရုံးရှေ့တွင်ရခိုင်အမျိုး သမီးများ အစည်းအရုံး က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဆန္ဒပြပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွဲ့၏ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောသည်။

"ဆန္ဒပြပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က ရခိုင်ပြည်နယ်က ဆင်ဖြူတော်တွေကို တစီးပြီးတစီး ဗမာအာဏာပိုင် တွေက ဖမ်းဆီးယူဆောင်နေတာဟာ အခုဆိုရင် ၆စီးမြောက်ရှိသွားပါပြီ။ ဆင်ဖြူတော်ဟာ အတိတ်နမိတ် ကောင်းတဲ့ သတ္တဝါအဖြစ် ကျမတို့က တန်ဖိုးထားပါတယ်။ ဒီအတွက် ရလာသမျှ ဆင်ဖြူတော်တွေကို ယူဆောင်သွားတာဟာ ကျမတို့ ရခိုင်ပြည်သူတွေအတွက် အများကြီး နစ်နာ ဆုံးရှုံးတယ်လို့ ကျမတို့ ပြည်သူတွေက ယုံကြည်နေကြပါတယ်။ အဲဒီအတွက် ရခိုင်ပြည်နယ်က ဆင်ဖြူတွေကို ရခိုင်ပြည်မှာပြန်ထား ဖို့ တောင်းဆို ဆန္ဒပြရတာဖြစ်ပါတယ်။"

ရခိုင်အမျိုးသမီး အစည်းအရုံးသည် အစိုးရ အဆက်ဆက်မှ ရခိုင်ပြည်နယ်မှ ဆင်ဖြူများကို ဖမ်းဆီးယူဆောင် နေမူကို အဓိက ကန့်ကွက်နေသော အဖွဲ့အစည်း တစ်ခု ဖြစ််သည်။

သူမက ဆက်လက်ပြီး "ဒါ့အပြင် ရခိုင်ပြည်နယ်က ထွက်တဲ့ သဘာဝ ဓာတ်ငွေ့တွေကို တရုတ်ကို ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ ဒီနေ့အချိန်ထိ ရခိုင်ပြည်ကထွက်တဲ့ ဂတ်(စ်)နဲ့ ပတ်သက်လို့ ရခိုင်ပြည်သူတွေ အကျိုးခံစားရတာတွေ မရှိသေးပါဘူး။ အဲဒီအတွက်ကြောင့် ဒီရွှေဂတ်(စ်) စီမံကိန်းကို ရပ်တန့်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်က ထွက်တဲ့ ဂတ်(စ်)ကို ရခိုင်ပြည်သူတွေ သုံးစွဲခွင့်ရဖို့ အတွက်လဲ ကျမတို့ တောင်းဆိုပါတယ" ဟု သူမ ဆက်ပြောသည်။

မြန်မာသံရုံးရှေ့တွင် ပြုလုပ်သော ဆန္ဒပြပွဲကို နံနက် ၁၀နာရီခွဲတွင် စတင်ခဲ့ပြီး ၁၁နာရီတွင်အဆုံးသတ် ခဲ့ကြသည်။

ရခိုင်အမျိုးသမီးများအစည်းအရုံးမှ မြန်မာနှင့် ဘင်္ဂလီ နှစ်ဘာသာဖြင့် ရေးသားထားသော သဘောထား ထုတ်ပြန်ချက် ၂စောင်ကိုလည်း ဒေသခံအာဏာပိုင်များ၊ သတင်းထောက်များနှင့် သံရုံးမှ တာဝန်ရှိသူများ အကြားတွင် ဖြန့်ဝေခဲ့ကြသည်။

"မပြောရင် မသိ၊ မတီးရင်မမြည်ဆို သလိုပါပဲ။ ပြည်သူတွေ သိရှိအောင်လာအောင် ကျမတို့ လုပ်ဆောင် ရပါမယ်။ ဒီဗမာ အာဏာပိုင်တွေ အဆက်ဆက်ဟာ သိက္ခာမဲ့တဲ့ အစိုးရလို့ ပြောချင် ပါတယ်။ဘာဖြစ်လို့လဲဆို လို့ရှိရင် ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်ထားသလို ပြည်သူတွေ အတွက်လည်း အလုပ်မလုပ်ပဲနဲ့ သူတို့ကောင်းစားရေး အတွက်ပဲ လုပ်နေကြပါတယ်။ ဒီအတွက် ကျမတို့ အနေနဲ့ ရခိုင်ပြည်သူတွေသိရှိလာ အောင် လုပ်ဆောင်ရပါမယ်။ ရခိုင်ပြည်နယ်က အပ်တချောင်းကိုတောင် မယူစေဖို့ ကျမတို့တိုက်ပွဲဝင်သွား မှာပါ" ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

RWU ထုတ်ပြန်ချက်ထဲတွင် "ဦးနေဝင်းအစိုး၊ နဝတ၊ နအဖ အစိုးရ အဆက်ဆက်သည် ရခိုင်ပြည် သူတို့ အကျိုးကို တစုံတခုမျှ မလုပ်ဆောင်ပေးခဲ့သည့် အပြင် ရခိုင်ပြည်ကို ဆင်းရဲတွင်း နက်အောင် လုပ်မြဲ လုပ်လျက် ရှိနေသည်။ ရခိုင်ပြည်မှ သဘာဝဖြစ် အဖိုးတန် ပစ္စည်းဟူ သမျှကိုလည်း တခုပြီး တခု ဖြုန်းတီး နေကြသည်" ဟု ပါရှိသည်။

၎င်းပြင်လည်း ရခိုင်အမျိုးသမီး အစည်းအရုံးမှ ထုတ်ပြန်ချက်တွင် အောက်ပါ အတိုင်း တောင်းဆိုထားသည်။

(၁) ရခိုင်ပြည်မှ ဖမ်းဆီးယူဆောင်သွားသော ဆင်ဖြူတော် ၆စီးကို ရခိုင်ပြည်သို့ ပြန်ပို့ရန်နှင့် ရခိုင်လူထု လက်ထဲ အပ်နှံရန်။

(၂) ဆက်လက်တူးဖော်နေသော "ရွှေ" သဘာဝဓာတ်ငွေ့စီမံကိန်းကို ချက်ချင်းရပ်တန့်ရန် စသည့်တောင်းဆို ချက် နှစ်ခုကိုလည်း ရေးသားဖော်ပြထားသည်။

၎င်းအပြင် ဘင်္ဂလာဒေချ့်မှ သတင်းထောက်များ စုဝေးရာ ဒက္ကားမြို့ (Press Club) အဆောက်အဦး ရှေ့တွင် လည်း ၄၅မိနစ်ခန့် သွားရောက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပြီး မွန်းတည့် ၁၂နာရီခန့်တွင်အဆုံးသတ် ခဲ့ကြသည်။

Most read this week