တာတမံ ပြန်ကျိုးပျက်၍ လယ်ဧက ၁၇၀၀ ကျော် စပါးမစိုက်ပျိုးနိုင်

တာတမံ ပြန်ကျိုးပျက်၍ လယ်ဧက ၁၇၀၀ ကျော် စပါးမစိုက်ပျိုးနိုင်
by -
မောင်ရမ္မာ

ကျောက်ဖြူမြို့နယ်တွင် ကျေးရွာသားများမှ အန်ဂျီအို တခု၏ အကူအညီဖြင့် ကိုယ်ထူ ကိုယ်ထ ပြန်လည်ဆည်ဖို့ထားသော တာတမံ တခုမိုးကြီးစဉ် က ကျိုးပျက်သွားသဖြင့် စိုက်ပျိုးဧက ၁၇၀၀ ကျော် ကို ယခုနှစ်တွင် စပါး ပြန်စိုက်ပျိုးနိုင်တော့မည် မဟုတ်ကြောင်း ဒေသခံများက ပြောသည်။

Giri-people
"ရခိုင်လေဘေးသင့် ပြည်သူများကို ကယ်ကြပါ "
တာတမံမှာ ကျောက်ဖြူမြို့နယ် မစရိုင်းချောင်းကျွန်းတွင် တည်ဆောက်ထားသော တာတမံ ဖြစ်သည်။ ၎င်းတာတမံကို မှီပြီး လုပ်ကိုင် စားသောက်နေကြသူများမှာ လှံပျောက်၊ ရွှေညိုမ၊ အောင်သာယာ၊လောက် ကျိုင်ကြီး၊ ကညင်တော စသောကျေးရွာများမှ ဖြစ်ကြသည်။

"ကျိုးပျက်သွားတဲ့ တာတမံတွေက ကညင်တော ရွာအောက်ဆည်၊ ချောင်းကြီးဖျားရွာ အောက်ဆည်၊၀ါးတောင် ဆည်၊ ဂြပ်တန်းဆည်တွေဖြစ်ပါတယ်။ မိုးကြီးပြီးတော့ ဒီရေတွေ မြင့်တက်ခဲ့တဲ့အချိန်မှာ ကျိုးပေါက်သွားတာဖြစ် ပါတယ်။ အဲဒီလို တာတမံ ကျိုးပေါက်သွားတော့ ပင်လယ်ဆားငံရေတွေဝင်ပြီး စပါးခင်းတွေ ပျက်စီးသွား ပါ တယ်။ အခုတော့ အချိန်မှီ ပြန်လည် ဆည်ဖို့ နိုင်မယ့် အနေအထား မရှိတော့ စပါးစိုက်ဧက ၁၇၈၀ ဧကဒီနှစ် မှာ စပါးစိုက်လို့ ရတော့ မှာ မဟုတ်ပါဘူး" ဟု ဒေသခံ ကျောင်းဆရာ တဦးက ပြောသည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလက တိုက်ခိုက်ခဲ့သော ဂီရိမုန်တိုင်းအတွင်း တာတမံများမှာ လုံးဝ ပျက်စီးသွားခဲ့ သည်။ အဆိုပါ တာတမံများကို အစိုးရမှ တစုံတရာ ပြန်လည် ဆည်ဖို့ပေးခြင်း မရှိသဖြင့် Save The Children အန်ဂျီအိုမှ ကျေးရွာသားများနှင့်် ပူးပေါင်းပြီး ပြန်လည် ဆည်ဖို့ထားခြင်း ဖြစ်သည်။ လွန်ခဲ့သောလက မိုးကြီးစဉ် ဆည်ဖို့ထားသော တာတမံမှာ နေရာအများတွင် ဒီရေများ ကျော်တက်ပြီး ပြန်လည်ကျိုးပေါက်သွား ခဲ့သည်။

ယခုကဲ့သို့ တာတမံ ပြန် ကျိုးပျက်သွားသော်လည်း အစိုးရမှ တစုံတရာ ပြန်လည် တည်ဆောက်ရန် အတွက် အကူအညီပေးခြင်း မရှိသေးကြောင်း သူက ဆက်ပြောသည်။

" ကျွန်တော်တို့ ရွှေညိုမရွာကိုတော့ ဆည်မြောင်း၊ ငါးလုပ်ငန်း ဦးစီးဌာနနဲ့ ခရိုင်က လူကြီးတွေလာကြည့်သွား ပါတယ်။ စာရင်းတွေ လိုက်မှတ်ပြီး ပြန်သွားတာ တပတ်ကျော်လောက် ရှိနေပါပြီ။ ဘာမှ သတင်းမလာသေးပါ ဘူး။"

အခုအခါ ကျေးရွာသားများမှာ နောင်တနှစ်တွင် ပြန်လည် စိုက်ပျိုးနိုင်ရန် အတွက် ကျိုးပေါက်သွားသောတာတမံ ကို မိမိဖာသာ မိမိ ဆည်ဖို့နေကြသည်ဟု သိရသည်။

" လူတွေက ၀မ်းစာ မရှိတော့ မြစ်ကို ဆင်းတယ်။ တောင်ကို တက်တယ်။ တဝမ်းတခါးအတွက် ဖြစ်သလို ရုန်းကန်နေကြပြီး ရရှိတဲ့ အချိန်မှာ နောက် တနှစ်မှာ စိုက်ပျိုးနိုင်အောင် သွားဆည် နေကြပါတယ်။ ဒီနှစ် အတွက်တော့ ရာသီလည်း မရှိတော့ဘူးဆိုတော့ စပါး စိုက်ပျိုးနိုင်မှာ မဟုတ်တော့ပါ" ဟု ကျေးရွာ သား တစ်ဦးကလည်း ပြောသည်။

ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်များရှိ လယ်သမားများမှာ အဓိကအားဖြင့် တာတမံကို အားထားပြီး လယ် ယာ လုပ်ကိုင်စားသောက်သူများ ဖြစ်သည်ဟု သူကပြောသည်။

" ကျွန်တော်တို့ ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တွေမှာက လယ်ယာမြေဆိုတာက နည်းနည်းပဲရှိပါတယ်။ တာတမံဆည်ပြီးတော့ စပါးစိုက်တာ များပါတယ်။ ပုဇွန်မြူရေးကလည်း အဆင်မပြေတဲ့ အတွက် အယင်က ပုဇွန်မြူရေးလုပ်တဲ့ တာတမံတွေမှာ အခု စပါးစိုက်လာကြတယ်။ ပေါက်သွားတဲ့ တာတမံထဲမှာ အဲဒီ ပုဇွန်မွေးမြူ ခဲ့တဲ့ တာတမံတွေလည်း ပါတယ်။"

လွန်ခဲ့နှစ် အောက်တိုဘာလ တိုက်ခတ်ခဲ့သော ဂီရိ မုန်တိုင်းကြောင့် ရခိုင်တွင် တာတမံ အများအပြားကျိုးပျက် သွားခဲ့ရာ အစိုးရမှ တစုံတရာ ပြန်လည် တည်ဆောက်ပေးခြင်း မရှိသဖြင့် တာတမံ အများအပြား ယခုအချိန်ထိ ပြန်လည် ဆည်ဖို့နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သိရသည်။

Most read this week