မြန်မာနိုင်ငံ အချိန်တိုအတွင်း ပြောင်းလဲရန် မလွယ်ကူကြောင်း ရတပ ပါတီ အတွင်းရေးမှူးပြော

မြန်မာနိုင်ငံ အချိန်တိုအတွင်း ပြောင်းလဲရန် မလွယ်ကူကြောင်း ရတပ ပါတီ အတွင်းရေးမှူးပြော
by -
နိရဥ္စရာ သတင်းဌာန

များမကြာမှီက ဒေါ်စုနှင့် သမ္မတ သိန်းစိန်တို့တွေ့ ဆုံပြီးနောက် မြန်မာနိုင်ငံတွင် အခြေအနေ တချို့ အပြောင်းအလဲ ဖြစ်လာနေပြီဟု ဝေဖန်ပြောဆိုမူ များ ထွက်ပေါ်လာသော်လည်း မြန်မာနိုင်ငံမှာ အချိန်တို အတွင်း ပြောင်းလဲရန်မလွယ်ကူနိုင် ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကပြော သည်။

RNDP-party-opening" မြန်မာနိုင်ငံဟာ အချိန်တိုတိုနဲ့ ပြောင်းလဲဖို့မလွယ်ပါ။ အဓိက ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ ပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီဟာ အရေးကြီးသလို တိုင်းရင်းသား တန်းတူရေး ပြသာနာ ဟာလည်း အရေး ကြီးတယ်လို့ မြင်ပါတယ်။ အခုအခါ မဖွံဖြိုး မတိုးတက်တဲ့ ပြည်နယ်တွေမှာ လက်နက်ကိုင် ပတိပက္ခတွေ ဖြစ်နေတယ်။ ဒီပြသာနာတွေကို ဘယ်လို ဖြေရှင်း မလဲ။ တိုင်းရင်းသား လက်နက်ကိုင် ပြသာနာတွေဟာလည်း တိုင်းပြည်က ခွဲထွက်ဖို့ လုပ်နေကြတာ မဟုတ်ဘူး။ ရသင့် ရထိုက်တဲ့ ကိုယ့်တိုင်းရင်းသား အခွင့်အရေးတွက် တိုက်ပွဲဝင် နေကြတဲ့ ပြသာနာ ဖြစ်တယ်။ ဒီပြသာနာတွေကို ရှင်းဖို့ ဆိုလို့ရှိရင် အချိန်တော့ယူရမှာပါ။"

၎င်းပြင် သူက တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော ပြဿနာများ အပြင် နိုင်ငံတစ်ခုလုံးနှင့် ချီပြီး ဖြစ်နေသော ပြဿနာများလည်း ရှိနေကြောင်းသူက ပြောသည်။

" ဗမာပြည်ထဲမှာလည်း ပြသာနာတွေ ရှိပါတယ်။ အလုပ်လက်မဲ့ ပြသာနာ၊ နောက် ဆင်းရဲမွဲတည်မှု ပြသာနာ၊ တိုင်းရင်းသား ဒေသတွေမှာဆိုရင် ပိုဆိုးတယ်။ နောက်တခုက တိုင်းရင်းသား ဒေသတွေမှာ တန်းတူရေး ရသင့်ရထိုက်တဲ့ အခွင့်ရေးတွေ မရကြဘူး။ အဲဒါတွေ ဘယ်လိုဖြေရှင်းကြမှာလဲ။ မြန်မာနိုင်ငံမှာ ဒီပြဿနာဟာ အရေးကြီးတဲ့ ပြသာနာ ဖြစ်တဲ့အတွက် ခေါင်းဆောင်ကြီးတွေက ဖြေရှင်းကြရပါမယ်။ ဖြေရှင်းတဲ့ အခါ ကျနော်တို့ တိုင်းရင်းသား ပြသာနာတွေကို ဘယ်လောက် အတိုင်းအတာ ထိဖြေရှင်းမလဲ။ အဲသလို ဖြေရှင်းတဲ့ အခါတိုင်းရင်း သားတွေ ဘက်က ဘယ်လောက် ခံစားခွင့် ရမှာလဲ။ မရဘူးဆိုရင် ပြသာနာက မပြေလည်ဘဲကြီးထွားနိုင်ပါ တယ်။"

ယခု ဖြစ်ပွားနေသော ပြည်တွင်းစစ်မှာ ဗမာများနေထိုင်သော ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့၊ မန္တလေးတိုင်း တို့တွင် ဖြစ်ပွားနေမူ မရှိသော်လည်း မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးဒေသ၊ အခံရဆုံးဒေသ များဖြစ်သောတိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသဖြင့် ဗမာ ခေါင်းဆောင်များ အနေဖြင့် အမြော်အမြင်ကြီးကြီးဖြင့် ဖြေရှင်းရန် လိုကြောင်းသူက ပြောသည်။

" တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ်တွေ ဖြစ်နေတယ်။ ဗမာပြည်က လူဝတ်လဲထားတဲ့ စစ်ခေါင်းဆောင် တွေ အပါအဝင် NLD ခေါင်းဆောင်တွေကပါ တိုင်းရင်းသားတွေ အပေါ်မှာ အင်မတန် သဘောထားကြီးတဲ့ အမြင်ရှိရင်တော့ ဖြေရှင်းလို့ ရမှာပါ။ ခုတိုင်းရင်းသားတွေ အရေးမှာ အဲဒီလို အမြင်မျိုး တည်ဆောက်နိုင် မတည်ဆောက်နိုင်ဆိုတဲ့ အပေါ်မှာ အများကြီး သက်ဆိုင် မူတည်နေပါတယ်။ အဲဒီလို သဘောထားကြီးတဲ့ အမြင်တွေ မရှိဘူး ဆိုရင်တော့ မြန်မာနိုင်ငံမှာ ရေရှည် မှာလည်း ပြသာနာက ရှုပ်ထွေးအုံးမှာ ဖြစ်ပါတယ်။"

သမ္မတ ဦးသိန်းစိန်မှ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံခြား တိုင်းပြည်များသို့ ရောက်ရှိ ခိုလှုံနေသူများကို ပြည်တော် ပြန်နိုင်ကြောင်း ဖိတ်ခေါ်ချက်မှာလည်း ရိုးရိုးရှင်းရှင်း မဟုတ်ဘဲ အဖွင့် အပိတ် ပါနေသဖြင့် ပြတ်သားသော လွတ်ငြိမ်း ချမ်းသာခွင့် တစ်ခုကို သက်ဆိုင်သူ အားလုံး အတွက် ဖန်တီးပေးရန် လိုကြောင်း သူကပြောဆိုသွား သည်။

" သဘောထားကြီးကြီးနဲ့ လုပ်လိုက်မယ်ဆိုရင် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင်ကို လုပ်လိုက်ပါ။ပြည်တွင်း စစ်ကို ရပ်စဲပါ။ အပစ်ခတ်ရပ် ပါ။ အရင်တုန်းက ဦးနေဝင်းခေတ်တုန်းကတောင် လွတ်ငြိမ်း ချမ်းသာခွင့်ပေး တယ်ဆိုရင် တိုင်းတပါးက သူတွေ လွတ်လပ်စွာ ပြန်လာကြတယ်။ မိသားစုနဲ့ပြန်လည်ပေါင်းစည်းခဲ့ နိုင်တယ်။ ထောင်ထဲမှာ ရှိနေတဲ့သူတွေကို လွတ်ပေးတယ်။ အဲဒီလို လွတ်ငြိမ်းချမ်းသာခွင့်ကိုဘဲ ကျနော်တို့ကမျှော်လင့်ပါ တယ်။ နိုင်ငံခြားရောက်နေတဲ့သူ သုံးလေးငါးယောက်ပြန်လာမယ်။ ကျန်တဲ့သူက ကျန်နေမယ်။ ထောင်ထဲမှာ ရောက်နေတဲ့ သူတွေကို တနှစ် လျော့ပေးမယ် ဆိုတာမျိုးတွေက လက်တွေ့ မကျပါဘူး။ အဲဒီထက် ပြတ်သားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် တခုကိုသာ ကျနော်တို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။

Most read this week