၁၉၈၈ အရေးတော်ပုံ ပြီးနောက် ဘင်္ဂလာဒေချ့်သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး (ရခိုင်စစ်ဒေသတွင်) အဖွဲ့ဝင် တစ်ဦး အဖြစ် နှစ်ရှည်လများတာဝန်ထမ်း ဆောင်ခဲ့သူ ကိုအောင်သာထွန်း(ခေါ်) သိန်းမင်းသည် ယနေ့တွင် စစ်တကောင်း ဆေးရုံတွင်ကွယ်လွန် ခဲ့သည်။
ကိုအောင်သာထွန်းမှာ ဘင်္ဂလားဒေချ့် ရှိ UNHCR မှ ဒုက္ခသည် တစ်ဦး အဖြစ် အသိအမှတ်ပြု ထားခြင်း ခံရသူ တစ်ဦး ဖြစ်ပြီး နေမကောင်း၍ ဆေးရုံတက်ကုသရန် လိုအပ်ကြောင်း ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက UNHCR ဒက္ကားရုံးသို့ အကြောင်းကြားသော်လည်း အချိန်မှီ ဆောင်ရွက်ပေးခြင်း မရှိရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း တခြား ရခိုင် ဒုက္ခသည် တစ်ဦးဖြစ်သူ ကိုထွန်းမောင်သိန်းက ပြောသည်။
" သူ့ကို ၁၈ ရက်နေ့က ကော့ဘဇား ခရိုင်က မာလုံဂ ခရစ်ယာန်ဆေးရုံမှာ စတင်ပါတယ်။ အဲသလို တင်တဲ့ အခါ ယူအန်က တာဝန်ရှိသူတွေကို ကျွန်တော်တို့က အကြောင်းကြားပါတယ်။ ကိုသိန်းမင်းဟာ အရေးပေါ် အခြေအနေကို ရောက်နေပြီ။ သူ့ကို ဆေးရုံတင်ဖို့ လိုအပ်တယ်လို့ အကြောင်းကြားပါတယ်။ သူတို့က ပြောတာကတော့ ဆေးဖိုးကို ဘောင်ချပြရင် UNHCR က ဆေးအတွက် တာဝန်ယူမယ်။ ကျန်တဲ့လမ်းစရိတ် တွေ၊ တည်းခိုခန်းတွေကို မကူညီနိုင်ဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့က ကိုသိန်းမင်းမှာ ပိုက်ဆံ တပြားမှ မရှိဘူး။ ဒါကြောင့် ဆေးရုံ တက်ရောက် ကုသနိုင်ရေး အတွက် ငွေထုတ်ပေးပါဆိုတော့ သူတို့က ယူအန်မှာ ဒီလို ထုတ်ပေးတဲ့ အစဉ်အလာ မရှိဘူး။ ဆေးဝါးကုန်ကျတဲ့ ဘောင်ချာတွေကို တင်ပြပြီးမှ ငွေပေးနိုင်မယ်ဆိုပြီး ပြောပါတယ်။ ဒါကြောင့် သူနေထိုင်တဲ့ ငရက်ကြီး ကျေးရွာက ငွေကောက်ပြီး ဆေးရုံတင်ပါတယ်။ ဆေးရုံတင်တဲ့ နေ့က စပြီး ကျွန်တော်တို့ လေးရက်တိတိ ယူအန်ရုံးကို ဖုံးဆက်ပါတယ်။ သူတို့ ဖုံးလုံးဝ မကိုင်ပါ။"
UNHCR နှင့် ၂၃ ရက်နေ့မှ ဖုံး အဆက်အသွယ် ရပြီး သူဆေးဖိုး အတွက် ပြောကြားသော်လည်း ဆေးဝါး ၀ယ်၍ ကုန်ကျသော ဘောင်ချာကိုသာ ပထမပေးပို့ရန်နှင့် အဆိုပါ ဘောင်ချာများကို ရမှ ငွေထုတ်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်ဟု သူက ဆက်ပြောသည်။
" ယူအန်ရုံးနဲ့့ ပြန် အဆက်အသွယ်ရတဲ့အချိန်မှာ မာလုံဂ ဆေးရုံက သူ့ကို လက်မခံတော့ဘူး။ စစ်တကောင်းကို ယူပါဆိုပြီး ဆေးရုံက ပြောပါတယ်။ ဒါနဲ့ ယူအန်ကို အကြောင်းကြားပါတယ်။ ယူအန်က ကားတွေစီစဉ်ပေး မယ်ဆိုပြီး ပြောတဲ့ အတွက် ကျွန်တော်တို့က ကိုသိန်းမင်းကို ၂၅ ရက်နေ့မှာ ထုတ်ပြီး ဆေးရုံပြင်ကတည်းခို ခန်း တစ်ခုမှာ ထားပါတယ်။ လူနာတင် ကားက မရောက်လာတဲ့ အတွက် လုံးဝ ဆေးကုသမူ မခံယူရဘဲ တရက်ထားရတယ်။ နောက်တစ်နေ့ ညနေ ၆ နာရီမှ ယူအန်က စီစဉ်ပေးတဲ့ လူနာတင် ကားရောက်လာတယ်။ ကားနဲ့ စစ်တကောင်းကို ပို့တော့လည်း ယူအန်က စစ်တကောင်း ဆေးရုံမှာ ဘာမှ စီစဉ်ထားတာ မရှိတဲ့အတွက် ဆေးရုံအပြင်မှာ ဆေးမကုရဘဲ နောက်ထပ် တရက် နေရတယ်။ လူနာက ၂ ရက်လုံးလုံး ဆေးမကုရတဲ့ အတွက် အခြေအနေ အရမ်းကို ဆိုးနေပြီ။ နောက်တစ်နေ့မှ အစိုးရ ဆေးရုံ တစ်ခုမှာ ယူအန်က စီစဉ်ပေးတယ်။ ဒါပေမယ့် အရေးတယူ မဟုတ်ဘူး။ ၀တ်ကျေ တန်းကျေ ဆေးကုပေးတယ်။ ဒီနေ့ ၂၈ ရက်နေ့နေ့လည်ပိုင်း မှာ သူဆုံးသွားပါတယ်" ဟု ကိုထွန်းမောင်သိန်းက ပြောသည်။
ကိုသိန်းမင်းမှာ ကွယ်လွန်ချိန်တွင် အသက် (၄၂) နှစ်ရှိပြီး ကျောက်ကပ် အလုပ်် မလုပ်သည့် ရောဂါနှင့် စအိုမှ သွေးကျရောဂါဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။ သူ့တွင် ငရက်ကြီးကျေးရွာမှ ဇနီးဒေါ်မအောင် နှင့် သားတစ်ဦး သမီး တစ်ဦး ကျန်ရစ်ခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ရခိိုင်စစ်ဒေသ) ဥက္ကဌဟောင်း ကိုခိုင်ဆန်း အောင်က ကိုအောင်သာထွန်း (ခေါ်) ကိုသိန်းမင်း အသက်အရွယ် ငယ်ငယ်ဖြင့် သေဆုံးသွားရကြောင်းကို ယခုကဲ့သို့ ပြောသည်။
" သူသေဆုံးသွားတာက အတိက ဘဝ အကျပ်အတည်းကြောင့် ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ရောက်ရှိ နေကြတဲ့ မြန်မာနိုင်ငံသား နိုင်ငံရေး ဒုက္ခသည်တွေဟာ ယူအန်က အထောက်အပံ့ အကူ အညီ မရကြဘူးဆိုတော့ စားဝတ်နေရေး တော်တော်ကို အခက်အခဲ ရှိကြပါတယ်။ ဒေသခံ ဘင်္ဂလီ ပြည်သူတွေကြားထဲမှာ အလုပ် တခု ရဖို့ဆိုတာ တော်တော်ကို ခက်ခဲပါတယ်။ ဒါကြောင့် ဘဝ ရပ်တည်ရေး အတွက် ပင်ပင်ပမ်းပမ်း ရုန်းကန် လူပ်ရှားကြရပါတယ်။ အဲသလို ပင်ပင်ပမ်းပမ်း ရုန်းကန်ရတဲ့ အခါ ရောဂါတွေလည်း ရလာတယ်။ ရောဂါ ရလာတဲ့ အခါ ဒါတွေကို အချိန်မှီ ကုသဖို့ ပိုက်ဆံက မရှိဘူး။ ယူအန်ကလည်း ထောက်ပ့ံပေးတာ မရှိဘူး။ ဒီတော့ ရောဂါကို အချိန်မှိ ဆေးဝါး မကုသ နိုင်ဘူး။ ရောဂါ ရင့်လာတဲ့ အခါ ဆေးရုံသွားပြတော့ ကုသလို့ မရလိုက်တော့ဘူး။ ကိုသိန်းမင်းလည်း ခုလို အဖြစ်မျိုးနဲ့ ကြံုတွေ့သွားခဲ့ရတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။
ကိုသိန်းမင်းမှာ ပေါက်တောမြို့ ဇာတိိ ဖြစ်ပြီး ၁၉၈၈ ခုနှစ် အရေးအခင်း ပြီးနောက် ဘင်္ဂလာဒေချ့် နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သူ ဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ရခိုင်စစ်ဒေသ) ၉၀၉ တပ်ရင်းတွင် တာဝန် ထမ်းဆောင်စဉ် တာဝန်ကျေပွန်သော ရဲဘော်ကောင်း တစ်ဦး ဖြစ်ပြီး မဟုတ်မခံ တတ်သော စိတ်ထားကြောင်း လူချစ် လူခင် ပေါများကြောင်း ကိုခိုင်ဆန်းအောင်ကပြော သည်။