လေဘေးသင့် ဒေသမှ လယ်သမားများကို NGO များမှ အခမဲ့ ငွေများကူညီ ထောက်ပံ့

လေဘေးသင့် ဒေသမှ လယ်သမားများကို NGO များမှ အခမဲ့ ငွေများကူညီ ထောက်ပံ့
by -
မောင်ရမ္မာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် လေဘေးသင့် ဒေသမှ လယ်သမားများအား NGO များက မျိုးစပါး အတွက် ငွေများ ထောက်ပံ့ ကူညီနေကြောင်း သတင်းရရှိသည်။

လယ်ပိုင်ဆိုင်မူ အနည်း အများ အပေါ်တွင် မူတည်ပြီး ထောက်ပ့ံကူညီနေကြောင်း ဒေသခံ လယ်သမား တစ်ဦးက ပြောသည်။
girri
" လယ်သမားတွေကို ငွေထောက်ပံ့နေတဲ့ NGO တွေကတော့ Save the Children ၊ ပေါင်းကူး အန်ဂျီအိုနဲ့ ခရစ်ယာန် ဘာသာရေးအဖွဲ့တွေ ဖြစ်ပါတယ်။ သူတို့က စိုက်ပျိုး စရိတ် အတွက် ငွေတွေကို အလကား ထောက်ပံ့ ကူညီ ပေးနေတာ ဖြစ်ပါတယ်။ လယ်ပိုင်ဆိုင်မှု အနည်းအများ အပေါ်မှာ မူတည်ပြီးတော့ ကျပ်ငွေ သုံးသောင်းကနေ ခြောက်သောင်းထိ ထုတ်ပေးပါတယ်။ အဲဒီလို ထောက်ပံ့ ကူညီပေးနေတဲ့ အတွက် ကျွန်တော်တို့လယ်သမားတွေ အဆင်ပြေသွားတာပေါ့"ဟု သူက ပြောသည်။

အဆိုပါ အန်ဂျီအိုများမှ ထောက်ပံ့ပေးနေသော စိုက်ပျိုးစရိတ် ငွေများမှာ အကူအညီ သက်သက်ပေး နေခြင်း ဖြစ်ပြီး ပြန်လည် ပေးဆပ်ရန်မလိုဟု သိရသည်။

" အစိုးရပိုင် စိုက်ပျိုးရေးဘဏ်က ငွေထုတ်ချေး ပေးတာလည်း ရှိပါတယ်။ လယ်သမားတယောက်ကို ခြောက် သောင်းအထိ ထုတ်ချေးပေးပါတယ်။ ဒါပေမယ့် လယ်သမားတိုင်း မရပါဘူး။ အထူး သဖြင့်တော့ သူတို့နဲ့ နီးစပ်တဲ့ လူတွေကို ထုတ်ချေးပေးတာများ ပါတယ်။ အဲဒီချေးငွေတွေကိ်ုတော့ လာမည့်နှစ် စပါးသိမ်းပြီးတဲ့ အချိန်မှာ ပြန်ဆပ်ရမှာ ဖြစ်ပါတယ်" ဟု အဆိုပါ လယ်သမားက ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း ယခု NGO များမှ ငွေထောက်ပံ့မူကို လက်ခံရရှိနေသော ကျေးရွာများမှာ ဂုံးရွှင်အုပ်စု၊ အုန်းတောအုပ်စု၊ မင်းတပ်တောင်အုပ်စု၊ ကမ်းတီးအုပ်စု၊ လိပ်ခမော်အုပ်စု၊ ကလဘာအုပ်စု၊ စိုင်ခြံုအုပ်စု၊ အူချေအုပ်စု၊ နှမ်းဖဲတောင်အုပ်စုနှင့် မင်းပြင်အုပ်စုတို့ ဖြစ်သည်။

Save the Children အန်ဂျီအိုအဖွဲ့သည် မြေပုံမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်း မုန်တိုင်းဒဏ် ကြောင့် ပျက်စီးသွားသော တာတမံများကို ပြန်လည်တည်ဆောက်ရန်အတွက် အလှူငွေများ ထောက်ပံ့ ကူညီနေသော အဖွဲ့ဖြစ်သည်။

အလားတူ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်မှလည်း မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသော မြေပုံမြို့နယ်မှ လယ်သမားများနှင့် ဂွမြို့နယ်မှ လယ်သမားများအား စိုက်ပျိုးစရိတ်ငွေများ ထောက်ပံ့ပေးနေသည်ဟု သိရှိရသည်။

Most read this week