ရတပ ပါတီ ပြည်နယ်လွှတ်တော်တွင် အတိုက်အခံ အနေဖြင့် ရပ်တည်မည် မဟုတ်

ရတပ ပါတီ ပြည်နယ်လွှတ်တော်တွင် အတိုက်အခံ အနေဖြင့် ရပ်တည်မည် မဟုတ်
by -
နိရဥ္ဇရာ သတင်းဌာန

၂ ရက်တာ ကျင်းပပြုလုပ်ခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ)၏ ရခိုင်ပြည်နယ် လွှတ်တော်အမတ်များ အစည်းအဝေးမှာ ယမန်နေ့က ပြီးဆုံးသွားရာ ရတပ ပါတီ အနေဖြင့် ...

၂ ရက်တာ ကျင်းပပြုလုပ်ခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ)၏ ရခိုင်ပြည်နယ် လွှတ်တော်အမတ်များ အစည်းအဝေးမှာ ယမန်နေ့က ပြီးဆုံးသွားရာ ရတပ ပါတီ အနေဖြင့် ရခိုင်ပြည်နယ် လွှတ်တော်တွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။

Election-RNDP-party-logo“ကျွန်တော်တို့က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ရခိုင်ပြည်နယ် လွှတ်တော်မှာ အတိုက်အခံ အနေနဲ့ သွားရင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်သွား ဖြစ်ပြီးတော့ ကျွန်တော်တို့လိုလားနေတဲ့ ရည်မှန်းချက်ကို ပေါက်ရောက်မှာ မဟုတ်ဘူး။ ကျွန်တော်တို့က လွှတ်တော် ပထမသက်တမ်း တဝက်တာ ကာလမှာ ရခိုင်ပြည်နယ်အတွင်းက မြို့တွေအကုန်လုံးမှာ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် ဆောင်ရွက်သွားနိုင်အောင် လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြံ့ခိုင်ရေး ပါတီနဲ့ မဆို ဘယ်ပါတီနဲ့ ဖြစ်ဖြစ် လက်တွဲ ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ဆွေးနွေးညှိနိုင်းခဲ့ကြပါတယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ရတပ ပါတီသည် ရခိုင်ပြည် လွှတ်တော် မဲဆန္ဒနယ်မြေ ၃၄ နေရာတွင် ၁၈ နေရာ အနိုင်ဖြင့် အများစု အနိုင်ရရှိထားသော ပါတီ ဖြစ်သော်လည်း ရခိုင်လွှတ်တော်တွင် စစ်တပ်မှ ကိုယ်စားလှယ် ၉ ဦး ပါဝင်လာမည် ဖြစ်သဖြင့် ရခိုင်ပြည်နယ် လွှတ်တော်တွင် ကြံ့ခိုင်ရေးနှင့် စစ်တပ်က အင်အား အသာဖြင့် လွမ်းမိုးသွားမည် ဖြစ်သည်။

“ ကျွန်တော်တို့ ၁၈ နေရာ အနိုင်ရထားပေမယ့် စစ်တပ်က ကိုယ်စားလှယ်တွေနဲ့ဆိုရင် ကြံ့ခိုင်ရေးက ကျွန်တော်တို့ထက် အမတ်အရေ အတွက်များသွားနိုင်ပါတယ်။ ဒါပေမယ့် လွှတ်တော်မှာ ကျွန်တော်တို့ ကလည်း အမတ်အများစု ဖြစ်နေတော့ တစ်စုံတရာ ပြောရေး ဆိုခွင့်ရှိရမှာပေါ့လေ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးက ကျွန်တော်တို့ပါတီရဲ့ ပထမဆုံး လုပ်ဆောင်ရမယ့် အလုပ်ဖြစ်နေတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူထုကို မဆန့်ကျင်တဲ့ ဘယ်ဖွံ့ဖြိုးတိုးတက်မူကို မဆို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်။ လူထု အကျိုးကို ဆန့်ကျင်ရင်တော့ ကန့်ကွက်သွားပါ့မယ်” ဟု သူက ဆက်ပြောသည်။

၎င်းပြင် ပြည်နယ်လွှတ်တော်တွင် နိုင်ငံတော်သမ္မတ အနေဖြင့် သူတို့ပါတီမှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်ပါက ဆောင်ရွက်သွားရန် အဆင်သင့် အနေအထားတွင် ရှှိပြီး အကယ်၍ ပြည်နယ် ဝန်ကြီးချုပ်ကို ကြ့ံခိုင်ရေးပါတီက ခန့်အပ်လျှင် ပြည်နယ်လွှတ်တော် ဥက္ကဌ နေရာကို သူတို့ပါတီ ခန့်အပ်ရန် အဆိုပြုတင်ပြသွားမည်ဟု သူက ပြောကြားသည်။

“ အဓိက ပေါ်ပေါက်လာမယ့် လွှတ်တော်ရဲ့ အခင်းအကျင်းကို ကြည့်ပြီးတော့ ကျွန်တော်တို့ ပြည်နယ်တိုးတက်ရေး အတွက် ဘာတွေ လုပ်နိုင်ကြမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်နယ် လွတ်တော်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေလည်း ထွက်နေတော့ အဲဒီ အချက်တွေ အပေါ်မှာလည်း လွှတ်တော် အမတ်တွေ အနေနဲ့ ဘယ်လို ရပ်တည် နေထိုင်သွားကြမလဲ ဆိုတာကို ဆွေးနွေး ဖြစ်ကြပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ရတပမှ ၁၈ နေရာ၊ ကြ့ံခိုင်ရေးမှ ၁၃ နေရာ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီက ၂ နေရာနှင့် တစည ပါတီက တစ်နေရာ အနိုင်ရထားသည်။ နအဖ တပ်မတော်မှ ၉ နေရာနှင့် လူမျိုးစုနေရာမှ ချင်း တစ်နေရာ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် လွတ်တော်ကို စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် မြို့တော် ခန်းမတွင် ဇန္နဝါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် စတင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week