ရွေးကောက်ပွဲကြောင့် ရခိုင်တွင် အာဏာပိုင်များ၏ အကောက် ပိုကြမ်းလာ

ရွေးကောက်ပွဲကြောင့် ရခိုင်တွင် အာဏာပိုင်များ၏ အကောက် ပိုကြမ်းလာ
by -
တာကလူး

ရခိုင်ပြည်နယ် တ၀န်းလုံးရှိ ကုန်းနှင့် ရေကြောင်းလမ်းများတွင် လုံခြုံရေး ချထားသည့် စစ်တပ်၊ ရေတပ်၊ နစက၊ လုံထိန်း၊ ရဲနှင့် သစ်တောဌာနများ၏ အကောက် ကောက်ခံမူမှာ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ပိုကြမ်း လာ....

ရခိုင်ပြည်နယ် တ၀န်းလုံးရှိ ကုန်းနှင့် ရေကြောင်းလမ်းများတွင် လုံခြုံရေး ချထားသည့် စစ်တပ်၊ ရေတပ်၊ နစက၊ လုံထိန်း၊ ရဲနှင့် သစ်တောဌာနများ၏ အကောက် ကောက်ခံမူမှာ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ပိုကြမ်းလာ နေသည်ဟု ဒေသခံများက ပြောသည်။

စစ်တွေမှ စက်လှေပိုင်ရှင် တစ်ဦးက “အရင်ကတော့ဗျာ ကုန်ပစ္စည်းတွေ သယ်လာတဲ့ စက်လှေ သမ္ဗာန်တွေနဲ့ ခရီးသည်တွေ တင်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေ အပေါ်မှာပဲ သူတို့က အကောက် ကောက်ကြတာ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲ ကျင်းပမယ့်ရက် သတ်မှတ်ကြေညာပြီးတဲ့ နောက်ပိုင်းမှာ ကုန်စည်တွေနဲ့ ခရီးသည်တွေ မပါတဲ့ မော်တော်ဘုတ်၊ စက်လှေ၊ ငါးဖမ်းလှေနဲ့ လောင်းလှေသမ္ဗာန်တွေ အကုန်လုံးကို လိုက်ကောက်နေ ကြပါတယ်။ ရွေးကောက်ပွဲ ပြီးရင် သူတို့အတွက် ဘာစားကွက်မှ မကျန်တော့မယ့် အတိုင်းပါပဲ” ဟု ပြောသည်။

ထိုကဲ့သို့ ကောက်ခံနေကြသော အာဏာပိုင် တပ်ဖွဲ့များတွင် စစ်တွေရှိ ဆတ်ရိုးကျ ချောင်းဝတွင် လုံခြုံရေး ချထားသည့် ရေတပ်နှင့် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။ ယခင်က သူတို့က ပုဂ္ဂလိကပိုင် ကုန်တင် စက်လှေနှင့် သမ္ဗာန်များမှ အရွယ်အစား အကြီးအငယ်အပေါ် မူတည်ပြီး လျော့ပေါ့ကောက်ခံခဲ့ကြသော်လည်း ယခုအချိန်တွင် ကျပ် ၁၀၀၀၀ နှင့် အထက်ကိုသာ ကောက်ခံနေကြသည်။

ကုန်ပစ္စည်း တင်ဆောင်လာခြင်း မရှိသည့် စက်လှေ လောင်းသမ္ဗာန်များကိုလည်း အကြီးအငယ်အလိုက် ခွဲခြားပြီး ယခုအခါ ကျပ် ၅၀၀ မှ ၂၀၀၀ အထိ ကောက်ခံနေကြကြောင်း သိရသည်။

စစ်တွေနှင့် မျက်နှာချင်းဆိုင် ကုလားတန်မြစ် တဘက်ကမ်းရှိ ပေါက်တောမြို့မှ ကုန်သည်တစ်ဦးကလည်း “စစ်တွေ ဈေးကြီးရှေ့ ကုလားတန်မြစ်မှာ ချထားတဲ့ ရေတပ်သင်္ဘောက အရင်က ငရုတ်သီး တစ်အိတ်ကို ကျပ် ၁၀၀၀ နဲ့ ၁၂၀၀ လောက်ပဲ ကောက်ခဲ့ပါတယ်။ ခုတော့ မရ တော့ပါဘူး။ ငရုတ်သီး တအိတ်ကို ကျပ် ၂၀၀၀ အထိ တိုးကောက်နေပါတယ်” ဟု ပြောသည်။

ဒေသခံများ၏ အဆိုအရ စစ်တွေ အနီး ကုလားတန် မြစ်ကြော တလျှောက်တွင် လုံခြုံရေး ချထားသည့် တခြား ရေတပ်သင်္ဘော (၃) စီး ရှိပြီး ၎င်းရေတပ် သင်္ဘောများမှာလည်း အလားတူ အကောက်ခွန်များ တိုးမြှင့်ကောက်ခံ နေကြောင်း သိရသည်။

ပုဏ္ဍားကျွန်းမြို့နယ် တောဖျားချောင်းတွင် ဖွင့်လှစ်ထားသော သစ်တောနှင့် ရဲ အကောက်ဂိတ်များက ၀ါးအလုံးကို ၁၀၀ ကို ကျပ်ငွေ ၁၀၀၀ စီ ကောက်ခံသဖြင့် အများစု လက်လုပ်လက်စား ပြည်သူများမှာ အထူးထိခိုက်နေ သည်ဟု ပိုးရီပြင် ကျေးရွာသားများက ပြောသည်။

၎င်းပြင် မေယူမြစ် သေကံခွဆုံတွင် ချထားသော ရေတပ်နှင့် လေးမြို့မြစ် တလျောက်တွင် ချထားသော သစ်တောနှင့် ရေတပ် ကင်းစခန်းများမှလည်း လူထုထံမှ ငွေများကို မတရားသဖြင့် ကောက်ခံနေကြကြောင်း သိရသည်။
MyanmarNavy300
၎င်းအပြင် လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စ၍ ရခိုင်ပြည်နယ် တောင်ပိုင်း မာန်အောင် ကျွန်းထိပ်နှင့် စစ်တွေ အရှေ့တောင်ဘက် ဖရုံကာ ကျွန်းစုရှိ စိုးမဲကျီ ဆိပ်ကမ်းတွင် နအဖ ရေတပ်မှ အကောက်ဂိတ်သစ်များ ဖွင့်လှစ်ထားပြီး ဘင်္ဂလားဒေ့ရှ်သို့ ပင်လယ်ကြောင်း သွားနေကြသည့် မှောင်ခို ဘုတ်များကို သာမက ရန်ကုန်မှ လာသည့် နယ်စပ် ကုန်သွယ်ရေး ဘုတ်များကိုလည်း ဆက်ကြေးများ ကောက်နေ ကြကြောင်း နယ်စပ်ကုန်သည် များ၏ ပြောကြားချက်အရ သိရှိရသည်။

ရခိုင်လူထု အများစုမှာ ထိုသို့ အာဏာပိုင် လက်နက်ကိုင် တပ်ဖွဲ့များ၏ နည်းမျိုးစုံဖြင့် အကောက်ကောက်ခြင်းကို ခံနေကြပြီး ဈေးတွင် ကုန်ပစ္စည်းများ သွားရောင်းလျှင်လည်း ဈေးခ၊ ဖေါင်တော်ခ၊ စည်ပင်ခ ဆိုပြီး ကောက်ခံ သည့် အကောက်ခွန်များကိုလည်း ပေးဆောင်နေကြရသည်။

ရခိုင်ပြည်သူ အများစုမှာ ဒေသခံအာဏာပိုင်များက ဖွင့်လှစ်ထားသော အကောက်ဂိတ်များကြောင့် လုပ်စား၍ မရနိုင်တော့သည့် အခြေအနေထိ ရောက်ရှိနေသော်လည်း အထက်ာဏာပိုင်များက တစ်စုံတရာ ၀င်ရောက် ဟန့်တား ဖြေရှင်းပေးခြင်း မရှိကြောင်း သိရှိရသည်။

 

 

 

 

 

Most read this week