နစကနှင့် ဒေသ အခြေအနေများကို စစ်ဆေးရန် တိုင်းမှူး ဗိုလ်ချုပ် သောင်းအေး မောင်တောသို့ ရောက်ရှိ

နစကနှင့် ဒေသ အခြေအနေများကို စစ်ဆေးရန် တိုင်းမှူး ဗိုလ်ချုပ် သောင်းအေး မောင်တောသို့ ရောက်ရှိ
by -
မင်းဆက်ခိုင်

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးသည် နစက တပ်ဖွဲ့အတွင်း မတည်ငြိမ်မူများ ဖြစ်ပေါ်နေမူနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စစ်ဆေးရန် ယနေ့တွင် မောင်တောမြို့သို့ ရောက်ရှိ ...

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးသည် နစက တပ်ဖွဲ့အတွင်း မတည်ငြိမ်မူများ ဖြစ်ပေါ်နေမူနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စစ်ဆေးရန် ယနေ့တွင် မောင်တောမြို့သို့ ရောက်ရှိလာကြောင်း သိရှိရသည်။

မြန်မာ့တိိုင်း(မ်)က ဖေါ်ပြသော ဘူးသီးတောင်-မောင်တော လက်ရှိ ကားလမ်း မြင်ကွင်းတိုင်းမှူးနှင့် ပြည်နယ် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီခန့်တွင် ဘူးသီတောင်မြို့နှင့်တဆင့် မောင်တောမြို့သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း အမည် မဖေါ်လိုသူ ရဲအရာရှိ တဦးက ပြောသည်။

“မနေ့က စစ်တွေကနေပြီးတော့ ဘူးသီးတောင်ကို ရောက်တယ်။ အဲဒီမှာ လမ်းတွေ တံတားတွေ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်။ ဒီနေ့မနက်ကမှ မောင်တောကို ရောက်လာတာ ဖြစ်ပါတယ်။ သူလာတာက ဆိုင်းမဆင့် ဗုံမဆင့်ဆိုတော့ တခုခု ထူးခြားမူ ရှိနေတယ်လို့ အရာရှိတွေက ပြောနေကြပါတယ်။”

ယခု တိုင်းမှူး ခရီးစဉ်သည် လမ်းများ၊ တံတားများ အခြေအနေကို ကြည့်ရှု့စစ်ဆေးရန် ရောက်ရှိလာခြင်းဟု ဆိုသော်လည်း နောက်ကွယ်တွင် အဓိက အကြောင်းအရင်းများ ရှိနိုင်ကြောင်း မောင်တောမြို့မှ အရပ်လူကြီး တဦးက သုံးသပ်ပြောဆိုသည်။

“တိုင်းမှူးလာတဲ့ အကြောင်းက ဒီ လမ်း၊ တံတားတွေကို ကြည့်ရှုစစ်ဆေးဖို့အတွက် မဟုတ်ဘဲ တခြားအဓိက အကြောင်းတွေ ရှိမယ် ထင်တယ်။ ကျနော့် အထင်ကတော့ ဟိုတလောက ဖြစ်ခဲ့ နစက တပ်သားတွေ ကိစ္စကြောင့်လို့ ထင်ပါတယ်။ နစက ၂ ဦး ထွက်ပြေးသွားတာရယ်။ နောက် နစက တပ်ကြပ်ကြီး တဦး ပစ်သတ်ခံ ရတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ခုတလော အတွင်း နစကတွေ အကြား သိပ်မတည်ငြိမ်မူတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ သူတို့အတွက် နစက အခြေအနေဟာ အရေးကြီးတဲ့ အနေအထားမှာ ရှိနေပါတယ် ။ ကျနော် ကြားတာကတော့ အဲဒီ တပ်ကြပ်ကြီး ပစ်သတ်ခံရတဲ့ ကိစ္စမှာ သူတို့ အထဲကလို့ ကြားပါတယ်။ ဒါကြောင့် ဒီသတင်းကို လုံးဝအပြင်ကို မထွက်အောင် ပိတ်ထားတယ်လို့ သိရတယ်။ အားလုံးဟာ တိုင်းမှူးမှာ တာဝန်ရှိနေလေတော့ ဒီကိစ္စအတွက် သူလာတာ ဖြစ်ဖို့ များပါတယ်။”

ယခုလ ဇူလိုင် ၂၇ ရက်နေ့က အမည်မသိသူ တဦး၏ ပစ်ခတ်မှုကြောင့် မောင်တောမြို့နယ် မကျည်းချောင်း ကျေးရွာအနီးရှိ ကင်စခန်းတွင် တာဝန်ထမ်းဆောင်နေသူ တပ်ကြပ်ကြီး တဦး သေဆုံးခဲ့သည်။

၎င်းအပြင် ငါးခူရ စခန်းမှ နစက တပ်သား နှစ်ဦး ဘင်္ဂလာဒေ့ချ်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။ အဆိုပါ ပြဿနာများ ဖြစ်ပေါ် ပြီးနောက် နစက တပ်ဖွဲ့ဝင်များအတွင်း အခြေအနေမှာ မတည်မငြိမ် ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

နစက တာဝန်ရှိသူများသည် ယခုအခါ ထွက်ပြေးသွားသူ နစက ၂ ဦးကို ပြန်လည် ဖမ်းဆီးရမိရန် အပြင်းအထန် ကြိုးစားနေပြီး ဘင်္ဂလာဒေ့ချ်မှ ဘီဒီအာရ် တာဝန်ရှိသူများအား အကူညီ တောင်းထားသောကြောင့် အဆိုပါ နစက ၂ ယောက်ကို ယခုလ ၂၈ ရက်နေ့မှ စ၍ ဘီဒီအာရ် တပ်ဖွဲ့ဝင်များက နယ်စပ်တလျောက်တွင် အပူတပြင်း လိုက်ရှာနေကြောင်း သတင်း ရရှိသည်။

ဗိုလ်ချုပ် သောင်းအေးသည် ယနေ့ မောင်တောမြို့တွင် ကျင်းပမည် ဖြစ်သော ၂၀၀၉ - ၂၀၁၀ တက္ကသိုလ်ဝင်တန်း ပညာသင်နှစ်တွင် မောင်တောမြို့မှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/သူ များအား ဆုပေးပွဲ အခမ်းအနားကို တက်ရောက်မည်ဟု ကျောင်းဆရာမ တဦးက ပြောသည်။

အဆိုပါ အခမ်းအနား ပြီးပါက တိုင်းမှူးသည် ယနေ့တွင် မောင်တောမှ ဘူးသီးတောင်သို့ ပြန်မည် ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

Most read this week