ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို ထောင်ဒဏ် ၁၅ လ ချမှတ်

ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို ထောင်ဒဏ် ၁၅ လ ချမှတ်
အိန္ဒိယ နိုင်ငံ ကာလကတ္တားထောင်ထဲတွင် ၁၂ နှစ်ကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို ကာလကတ္တား တရားရုံး တခုမှ ယမန်နေ့က ထောင်ဒဏ် ၁၅ လ ချ...

အိန္ဒိယ နိုင်ငံ ကာလကတ္တားထောင်ထဲတွင် ၁၂ နှစ်ကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို ကာလကတ္တား တရားရုံး တခုမှ ယမန်နေ့က ထောင်ဒဏ် ၁၅ လ ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

သူတို့မှာ အိန္ဒိယ ထောင်ထဲတွင် ၁၂ နှစ်ကျော် ချုပ်နှောင်ခံထားရပြီးသူများ ဖြစ်သဖြင့် ယခု ချမှတ်လိုက်သော ထောင်ဒဏ် ၁၅ လမှာ သူတို့ ကျခံခဲ့ရသော ထောင်ကျ သက်တမ်းတွင် အကျံုးဝင်သွား သဖြင့် ယခု စီရင်မူမှာ ပျက်ပြေ ကျေသွားပြီ ဖြစ်ကြောင်း သိရသည်။

၎င်းပြင် တရားရုံးက သူတို့အား အမူ တခုစီအတွက် တဦးလျှင် ရူပီငွေ ၂၀၀၀ စီဖြင့် အမူ ၃ ခုခုအတွက် ရူပီ ၆၀၀၀ ထောင်စီ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ရပြီး အကယ်၍ အဆိုပါ ငွေကြေးကို မလျော်ပေးနိုင်ပါက နောက်ထပ် ထောင်ဒဏ် ၂ လစီ ကျခံရန်တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း အိန္ဒိယ ရဲမှ နိုင်ငံခြားသား အမူဖြင့် သူတို့ကို ဆက်လက် ဖမ်းဆီးရန် အစီအစဉ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသဖြင့် အဆိုပါ လျော်ကြေးငွေကို မပေးဆောင်ဘဲ ထောင်ထဲတွင် နောက်ထပ် ၂ လ နေထိုင်ရန် သူတို့ လွှတ်မြှောက်ရေး အတွက် အကျိုးဆောင်သူများက စီစဉ်ခဲ့သည်ဟု အိန္ဒိယက ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။

ထောင်နှစ်လ ကျခံနေစဉ် အတွင်း သူတို့ လွှတ်မြှောက်ရေး သေချာ စေရန်နှင့် နောက်ထပ် ဖမ်းဆီး မခံရနိုင်အောင် အကျိုးဆောင်သူများက ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သူတို့ ၃၄ ဦးအား အိန္ဒိယ စစ်ထောက်လှမ်းရေး စီဘီအိုင်မှ လက်နက် မှောင်ခိုမူ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ် ထားမူနှင့် နိုင်ငံခြားသားမူများဖြင့် တရားစွဲဆိုထားခဲ့သည်။

ဖမ်းဆီးခံ ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးမှာ ဗိုလ်ရာဇာနှင့် အတူ အိန္ဒိယ နိုင်ငံ အန်ဒမန်ကျွန်းရှိ လန်းဖေ့ါ ကျွန်းတွင် အိန္ဒိယ စစ်တပ်နှင့် သဘောတူညီမူ အရ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလက ရေတပ် စခန်း တည်ဆောက်ရန် လာစဉ် ဖမ်းဆီး ခံခဲ့ရသူများ ဖြစ်သည်။

သူတို့နှင့် အတူ ပါလာသူ ဗိုလ်ရာဇာ၊ ဗိုလ်စောထွန်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လင်းဇံခိုင်၊ ဖဒိုမူးလွယ်နှင့် ဗိုလ် စောမြင့်တို့ကိုမူ အိန္ဒိယ စစ်တပ်က သွေးအေးအေးဖြင့် လုပ်ကြံ သတ်ဖြတ်ပစ်ခဲ့သည်။

ထိုအချိန်မှ စပြီး ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို အန်ဒမန်ကျွန်းရှိ ပေါဘာလေးယား အကျဉ်းထောင်တွင် တရားစစ်ဆေးမူ တစုံတရာ မရှိဘဲ ၈ နှစ်ကြာ ချုပ်နှောင်ထားခဲ့သည်။

၂၀၀၆ ခုနှစ်တွင်မှ လူ့အခွင့်အရေး လူပ်ရှားသူများ၏ ကြိုးပမ်းမူကြောင့် ပေ့ါဘာလေးယား အကျဉ်းထောင်မှ ကာလကတ္တား အကျဉ်းထောင်သို့ ပြောင်းရွှေ့ ယူလာကာ အမူကို ကြားနာ စစ်ဆေးနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဇူလိူင်လ ၁၂ ရက်နေ့တွင်မှ အမူကို အပြီးသတ် စီရင်ချက် ချမှတ် နိုင်ခဲ့ခြင်း ဖြစ်သည်။

Most read this week