လုံခြံုရေး တိုးမြှင့်ရန် လုံထိန်းတပ်သား ၁၀၀ ကျော် စစ်တွေပို့

လုံခြံုရေး တိုးမြှင့်ရန် လုံထိန်းတပ်သား ၁၀၀ ကျော် စစ်တွေပို့
by -
မင်းအောင်
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြံုရေး တိုးမြှင့်ရန်အတွက် ဘူးသီးတောင် အမှတ် ၁၃ လုံထိန်း တပ်ရင်းမှ တပ်သား ၁၀၀ ကျော်ကို ယမန်နေ့က စစ်တွေသို့ ပို့ဆောင် လိုက်သည်ဟု...

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြံုရေး တိုးမြှင့်ရန်အတွက် ဘူးသီးတောင် အမှတ် ၁၃ လုံထိန်း တပ်ရင်းမှ တပ်သား ၁၀၀ ကျော်ကို ယမန်နေ့က စစ်တွေသို့ ပို့ဆောင် လိုက်သည်ဟု သိရသည်။

လုံထိန်း တပ်ရင်းနှင့် နီးစပ်သူ တဦးက “ဘူးသီးတောင်ကနေ သူတို့ကို သင်္ဘောနဲ့ ယူဆောင် သွားပါတယ်။ ဦးဆောင်ပါသွားတာက တပ်ခွဲမှူး ခင်မောင်ထွေး ဖြစ်ပါတယ်။ လုံထိန်းတပ်ရင်းက လာတဲ့ သတင်းအရ စစ်တွေက အရေးကြီးတဲ့ နေရာတွေမှာ သူတို့ကို လုံခြံုရေး ချထားမှာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဘူးသီးတောင် လုံထိန်းတပ်ရင်းမှ တပ်သားများကို စစ်တွေသို့ ယူဆောင်သွားခြင်းမှာ ဧပြီလ ၂၁ ရက်နေ့က စစ်တွေ ကုန်တန်း ရပ်ကွက်တွင် အမျိုးသမီး များ ဆန္ဒပြမူနှင့် ဆက်စပ် မူရှိကြောင်း စစ်တွေမြို့ခံများက ပြောသည်။

စစ်တွေ ကုန်တန်းရပ်ကွက်မှ အမည်မဖေါ်လိုသူ တဦးကလည်း “ကျွန်တော် တို့ ကုန်တန်းရပ်ကွက်မှာ လုံခြံုရေးတွေကို လမ်းဆုံ လမ်းခွတိုင်းမှာ ရဲသားတွေ လုံထိန်း တွေနဲ့ လုံခြံုရေးကို တိုးမြှင့်ထားပါတယ်။ ပုသိမ်ကျောင်း အပါအဝင် ဘုန်းတော်ကြီးကျောင်းတွေ အနီးတဝိုက်မှာလည်း ယူနီဖေါင်း ၀တ်တွေကို ချထားတာကို တွေ့ရ ပါတယ်။ ခုလို ချတာက အမျိုးသမီးတွေ ဆန္ဒပြတဲ့ နောက်တရက်နေ့က စပီး ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်တွေကုန်တန်းတွင် အမျိုးသမီးများက လျှပ်စစ်မီး မရရှိသည့် အပြင် မီတာအိုးစောင့်ရှောက်ခ၊ မီတာခ စသဖြင့် ငွေကောက်ခံရာမှ မကျေနပ် သဖြင့် ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီးနောက် တခြား ရပ်ကွက်များတွင်လည်း အလားတူ မကျေနပ်ချက်များကို ဖွင့်လှစ်ပြသသည့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာမည်ကို အာဏာ ပိုင်များက စိုးရိမ်နေသဖြင့့် ဘူးသီးတောင်မှ လုံထိန်းတပ်သားများဖြင့် အားဖြည့်ကာ စစ်တွေ လုံခြံုရေးကို တိုးမြှင့် ချထားခြင်း ဖြစ်သည်။

တခြား စစ်တွေမြို့ခံ မျက်မြင် တဦးကလည်း စစ်တွေ ဝေသာလီကွင်းတွင် လုံထိန်း တပ်သား အများအပြားဖြင့် သက်ဆိုင်ရာမှ အဓိဂရုဏ်းနှိမ်နှင်းရေး သင်တန်းကို ပို့ချ နေကြောင်း ပြောသည်။

“ကျွန်တော်တွေ့တာက လုံထိန်းကားအစီး ၁၂ စီးကို ရပ်ထားတာ တွေ့ရတယ်။ ဒါနဲ့ မေးမြန်း ကြည့်တော့ အဓိဂရုဏ်းနှိမ်နှင်းရေး သင်တန်း လုပ်နေတယ်လို့ သိရ ပါတယ်။ ဒိုင်းကာတွေနဲ့ လုံထိန်းတပ်သား ၃၀၀ ခန့် လေ့ကျင့်နေတယ်လို့ သိရပါတယ်” ဟု ပြောသည်။

စစ်တွေတွင် လုံထိန်း အမှတ် (၁၂) တပ်ရင်းရှိသော်လည်း အဆိုပါ တပ်ရင်း တရင်းတည်းဖြင့် လုံခြံုရေးကို မထိန်းသိမ်းနိုင်သဖြင့် ယခုကဲ့သို့ ဘူးသီးတောင် အခြေစိုက် အမှတ် (၁၃) မှ တပ်သားများကို ခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week