စစ်တွေတွင် ရေရှား အောင်ဒိုင်ချောင်းဆည်က ရေကိုဖြန့်ဖြူးသော်လည်း လုံလောက်မူ မရှိ

စစ်တွေတွင် ရေရှား အောင်ဒိုင်ချောင်းဆည်က ရေကိုဖြန့်ဖြူးသော်လည်း လုံလောက်မူ မရှိ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရေရှားပါးနေ၍ စစ်တွေ လူထု အနေဖြင့် သောက်သုံးရေ ပြတ်လပ်မူနှင့် ကြံုတွေ့ရင်ဆိုင် နေကြရကြောင်း မြို့ခံ တဦးက...

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရေရှားပါးနေ၍ စစ်တွေ လူထု အနေဖြင့် သောက်သုံးရေ ပြတ်လပ်မူနှင့် ကြံုတွေ့ရင်ဆိုင် နေကြရကြောင်း မြို့ခံ တဦးက နိရဥ္စရာသို့ ပြောသည်။

“စစ်တွေ ကန်တော်ကြီးမှာ ရေမရှိတဲ့အတွက် အောင်ဒိုင်ချောင်းဆည်က ရေကို စစ်တွေ ကန်တော်ကြီးကို ပိုက်လိုင်းနဲ့ ဖြည့်ပီး ကန်တော်ကြီးက တခါ စစ်တွေကို ရေဖြန့်ဖြူးပေးပါတယ်။ ခုလို ဖြန့်ဝေပေးတဲ့ အတွက် နှစ်ရက် တခါ သုံးရက် တခါ ရေလာပေမယ့် လွန်ခဲ့တဲ့ တပတ်ခန့်က စပြီး ရေလုံးဝ မလာတော့တဲ့ အတွက် ရပ်ကွက်တိုင်းလိုလိုမှာ ရေနဲ့ အခက်ကြံုနေကြရပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

အောင်ဒိုင်ချောင်းဆည်မှာ စစ်တွေမြို့ပြင်တွင် တည်ရှိပြီး အဆိုပါဆည်ကို ၁၉၉၀ ခုနှစ်က လူထု လုပ်အားဖြင့် ဆည်ဖို့ခဲ့သည်။ ၎င်းနောက်ပိုင်း မောင်ဂူလာဆိုသူ ကုလား သူဌေး တဦးအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နှစ်စဉ် ပုဇွန်မွေးမြူရန် သိန်း ၃၀၀ ဖြင့် ဌားရမ်းထားသည်။

“ဆားငံရေ ၀င်တဲ့ ချောင်းကို ဆည်ပီး ရေလှောင်ထားတာဆိုတော့ အဲဒီရေက နည်းနည်း အငံဓါတ်ပါတာပေါ့လေ။ ဒါပေမယ့် ရေမရှိတော့ စစ်တွေ လူထုက အောင့်အေး သည်းခံပြီး သုံးကြတာပါဘဲ။ အခုတခါ ရေက မလာတော့ဘူး ဆိုတော့ လူတွေက တော်တော့ကို အခက်ကြံုနေကြရပါပြီ။ ပူအိုက်တဲ့ ကြားထဲမှာ သောက်ရေ သုံးရေ အလုံအလောက် မရတော့ လူတွေက အတော့်ကို ဒုက္ခ ဖြစ်နေကြရပါပြီ” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့သည် နအဖ စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံထဲမှ မြို့ကြီးများထဲတွင် အများဆုံး လျစ်လျူရှု့ခံရသည့် မြို့ဖြစ်ပြီး လျှပ်စစ်မီး ပုံမှန် မရရှိခြင်း၊ သောက်သုံးရေ မရရှိခြင်း အပြင် စစ်တွေရှိ လမ်းများမှာလည်း တလမ်းမှ မြို့အင်္ဂါရပ်နှင့် ညီသော လမ်းမရှိကြောင်း စစ်တွေအိုးတန်းရပ်ကွက်မှ လူကြီး တဦးက ပြောသည်။

“ အင်္ဂလိပ်ခေတ်က စစ်တွေ၊ ဖဆပလ ခေတ်က စစ်တွေနဲ့ ဒီနေ့ စစ်တွေကို နိုင်းယှဉ်ရင် စစ်တွေမြို့ဟာ တိုးတက်မလာဘဲ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ် လာတာကို တွေ့ရပါတယ်။ ဖဆပလ ခေတ်တုန်းက ၂၄ နာရီ စစ်တွေမှာ လျှပ်စစ်မီးရပါတယ်။ အခု တနေ့ကို ၂နာရီ ၃ နာရီဘဲ ရပါတယ်။ ရတာကလည်း အပိုင်းလိုက် ရပ်ကွက် အလိုက် အဲသလို ရတယ်။ ရေဆိုရင်လည်း နွေရာသီဆိုရင် ရှားပီ။ ရေလည်း တနှစ်လုံး တခါမှ လုံလုံလောက်လောက် ရတာ မရှိဘူး။ လမ်းဆိုရင် တလမ်းမှ ကောင်းတာ မရှိဘူး။ အကုန်လုံး ဖါထေးပြီး ပြုပြင်ထားတဲ့ အတွက် ဖါလမ်းတွေ ဖြစ်နေတယ်။ စစ်တွေကို နအဖ စစ်အာဏာပိုင်တွေက လုံးဝ ပစ်ပယ်ထားတယ်။ ဒါက လူမျိုးရေး အရ သူတို့ အနိုင်ကျင့်ပီး လုပ်ထားတာ ဖြစ်ပါတယ်။”

ယခုကဲ့သို့ နအဖ စစ်အာဏာပိုင်များ၏ အနိုင်ကျင့် လုပ်ရပ်ကြောင့် ရခိုင်ပြည်သူလူထု အနေဖြင့် အထူး မကျေနပ်မူများ တိုးပွားနေပြီ ၂၀၀၇ ခုနှစ်အတွင်း စစ်တွေတွင် ပေါ်ပေါက်ခဲ့သော လူထု လူပ်ရှားမူများမှာ အဆိုပါ နအဖ စစ်အစိုးရ၏ လုပ်ရပ်ကို မကျေနပ်ရာမှ ပေါက်ကွဲ လာသော အကျိုးဆက် ဖြစ်သည်ဟု အဆိုပါ လူကြီးက ပြောသည်။

Most read this week