သံတွဲ ငပလီ သင်္ကြန် အထူးစည်ကား တချို့တည်းခိုစရာ နေရာမရှိ ဖြစ်ခဲ့ရ

သံတွဲ ငပလီ သင်္ကြန် အထူးစည်ကား တချို့တည်းခိုစရာ နေရာမရှိ ဖြစ်ခဲ့ရ
ယခုနှစ် သင်္ကြန်အတွင်း ရန်ကုန်၊ မန္တလေးနှင့် ပြည်စသော မြို့ကြီးများမှ လူအများ အပြား ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် သံတွဲ ငပလီသို့ လာရောက်ခဲ့ကြသဖြင့် ငပလီ သင်္ကြန်မှာ အထူး စည်ကားခဲ့သည်ဟု...

ယခုနှစ် သင်္ကြန်အတွင်း ရန်ကုန်၊ မန္တလေးနှင့် ပြည်စသော မြို့ကြီးများမှ လူအများ အပြား ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် သံတွဲ ငပလီသို့ လာရောက်ခဲ့ကြသဖြင့် ငပလီ သင်္ကြန်မှာ အထူး စည်ကားခဲ့သည်ဟု သိရသည်။

သံတွဲ ဒေသခံ တဦးက “တခြားနေရာတွေမှာ ဒီနှစ် သင်္ကြန်က သိပ်မစည်ကားခဲ့ပေမယ့် ငပလီ သင်္ကြန်ကတော့ ထူးထူးခြားခြား စည်ကားခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ ပြည်စတဲ့ မြို့ကြီးတွေ လူတွေ အများအပြား သင်္ကြန်မှာ ပျော်ပါးဖို့ ငပလီကို ဆင်းလာကြတယ်။ လူတွေ များလွန်းတဲ့အတွက် ဟိုတည်တွေမှာ အခန်းလွတ် မရှိတာကြောင့် တချို့ဆိုရင် အပြင်မှာ တဲထိုးပီး နေခဲ့ကြရပါတယ်” ဟု ပြောသည်။

ဟိုတယ်ခများ စျေးကြီးသော်လည် တည်းခိုသူများ မဆံ့ ဖြစ်ခဲ့သဖြင့် သင်္ကြန်အတွင်း ငပလီကို လာလည်သူများမှာ လမ်းဘေးများတွင် တဲထိုးပြီး နေထိုင်ခဲ့ကြရသလို တချို့ လာလည်သူများမှာလည်း ရပ်ကွက် အတွင်းမှ အိမ်များကို ဌားရမ်းနေထိုင်ခဲ့ရသည်ဟု သိရသည်။

“ငပလီ သင်္ကြန်က စည်ကားခဲ့ပေမယ့် သံတွဲ မြို့ထဲ သင်္ကြန်ကတော့ သိပ်မစည်ကားခဲ့ပါဘူး။ ရပ်ကွက်အတွင်းက ရခိုင်သင်္ကြန် ရေကစား မဏ္ဍပ်တွေလည်း မရှိတော့ဘူးဆိုတော့ ဌာနဆိုင်ရာ မဏ္ဍပ်တွေ လောက်မှာဘဲ ရေကစားခဲ့ကြတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

သို့သော်လည်း အပျော်လွန်သူ လူငယ်များကြောင့် ဆိုင်ကယ် တိုက်မူများ၊ လော်ရီကား တိမ်းမှောက်မူများ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၅၀ ခန့် ဆေးရုံကို ရောက်ခဲ့ရသည်ဟု သူက ပြောသည်။

ယခုနှစ်တွင် နအဖ စစ်အာဏာပိုင်များက သင်္ကြန်တွင် ကန့်သတ်ချက် အများအပြားကို ထုတ်ပြန်ခဲ့သဖြင့် လွတ်လပ်စွာ ပျော်ပါးလိုသူများ အနေဖြင့် ငပလီသို့ ဆင်းလာရာမှ ငပလီ သင်္ကြန်မှာ စည်ကားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week