တရုတ် သင်္ဘောများ ဆိုက်ကပ်ရန်အတွက် ကျောက်ဖြူ အမှတ်(၁) ဆိပ်ခံ တံတားကို တိုးချဲ့ တည်ဆောက်

တရုတ် သင်္ဘောများ ဆိုက်ကပ်ရန်အတွက် ကျောက်ဖြူ အမှတ်(၁) ဆိပ်ခံ တံတားကို တိုးချဲ့ တည်ဆောက်
by -
မင်းဆက်ခိုင်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ အမှတ်(၁) ဆိပ်ခံ တံတားတွင် တရုတ်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရန် အတွက် စစ်အစိုးရမှ တံတားကို တိုးချဲ့...

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ အမှတ်(၁) ဆိပ်ခံ တံတားတွင် တရုတ်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရန် အတွက် စစ်အစိုးရမှ တံတားကို တိုးချဲ့ တည်ဆောက် နေသည်။

ကျောက်ဖြူမှ ဆောက်လုပ်ရေး အရာရှိ တဦးက“တိုးချဲ့ တည်ဆောက်မှုကို စတင် လုပ်ဆောင် နေပါပြီ။ နောက်ထပ် ပေ ၆၀၀ အထိတိုးချဲ့ပြီးတော့ အကြီးစား ဆိပ်ခံ တံတားအဖြစ် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ တည်ဆောက်မှုသည် ရခိုင်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့နှင့် တရုတ်နိုင်ငံသို့ သယ်ယူ တင်ပို့မည့် ရေနံ ပိုက်လိုင်း စီမံကိန်း အတွက် လိုအပ်သည့် ပစ္စည်းများကို အတင်အချ ပြုလုပ်မည့် တရုတ်သင်္ဘောကြီးများ ဆိုက်ကပ်ရန် အတွက် ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“အခုရှိနေတဲ့ ဆိပ်ကမ်းက နိုင်ငံတကာ အဆင့်မမှီတဲ့ အပြင် နိုင်ငံခြား သင်္ဘောတွေ ဆိပ်ကပ်နိုင်တဲ့ အနေအထားမှာ မရှိဘူး။ ဒါကြောင့် သင်္ဘောဆိပ်ကမ်းကို တိုးချဲ့ ပြုပြင် တည်ဆောက်ရတာ ဖြစ်ပါတယ်။ တရုတ်က သင်္ဘောတွေအတွက် ရည်ရွယ် တည်ဆောက်တာ ဖြစ်ပါတယ်။”

တရုတ်အစိုးရသည် ရခိုင်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့နှင့် အာဖရိက တိုက်နှင့် အရှေ့အလယ်ပိုင်းမှ တင်ပို့မည့် ရေနံများကို ကျောက်ဖြူ ဆိပ်ကမ်းမှ တဆင့် ပိုက်လိုင်းတည်ဆောက်ကာ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ တင်ပို့မည် ဖြစ်သည်။

အဆိုပါ ပိုက်လိုင်းသည် ကီလိုမီတာ ၄၀၀၀ ခန့် ရှည်လျားမည် ဖြစ်သည်။

၎င်းပိုက်လိုင်းစီမံကိန်းကို တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး ကုမ္ပဏီ တခုဖြစ်သော တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) မှ ၂၀၀၉ခုနှစ် စက်တင်္ဘာလမှ စတင် တည်ဆောက်နေသည်။

မြန်မာအစိုးရသည် ရခိုင်မှ ထွက်သော ဂတ်စ်ကို အဆိုပါ ပိုက်လိုင်းမှ တင်ပို့ ရောင်းချသဖြင့် လာမည့် နှစ်၃၀အတွင်း တနှစ်လျှင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၁ဘီလီယံခန့် ဝင်ငွေရရှိမည် ဖြစ်သည်ဟု ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့မှ ပြောသည်။

၎င်းအပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့သဘာဝဓာတ်ငွေ့ အရင်းအမြစ်ပိုင်ဆိုင်သော နိုင်ငံများ စာရင်းတွင် အဆင့် ၁၀ နေရာတွင် ရှိနေပြီး ပြည်ပသို့ သဘာဝ ဓာတ်ငွေ့ကို ရောင်းချခြင်းဖြင့် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၂.၄ ဘီလီယံခန့် ရရှိနေသည်။

ယခုတည်ဆောက်နေသော တရုတ်ပိုက်လိုင်း စီမံကိန်းကြောင့် အနီးအနားရှိ ကျေးရွာ အမြောက်အများ ပြောင်းရွေ့ခံရခြင်း၊ လယ်မြေများ သိမ်းဆည်းခံရခြင်းများနှင့် အဓမ္မလုပ်အားပေး စေခိုင်းမှုများမှာ ဒေသအတွင်း ဖြစ်ပေါ်နေသည်။

ရခိုင်ပြည်နယ်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝသော ပြည်နယ် တခုဖြစ်သော်လည်း ရခိုင်ပြည်သူများ အကျိုးအမြတ် တစုံတရာ ခံစားရခြင်း မရှိဘဲ အဆိုပါ သဘာဝဓါတ်ငွေ့များကို စစ်အစိုးရမှ ပြည်ပသို့ ထုတ်ယူ ရောင်းစားလျက်ရှိသည်။

မြန်မာနို်င်ငံ လွတ်လပ်ရေး ရရှိစဉ်က စစ်တွေနှင့် ကျောက်ဖြူ အပါအဝင် ရခိုင်မြို့ အများအပြားတွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိခဲ့သော်လည်း နအဖ စစ်အစိုးရ လက်ထက်တွက် တနေ့ ၂ နာရီကျော်သာ ရရှိသည်။

Most read this week