အဓမ္မကို ဓမ္မနှင့် တိုက်ထုတ်ရန် သံဃာ့သပိတ်ကော်မီတီ အဖွဲ့က စစ်တွေတွင် စာများဖြန့်

အဓမ္မကို ဓမ္မနှင့် တိုက်ထုတ်ရန် သံဃာ့သပိတ်ကော်မီတီ အဖွဲ့က စစ်တွေတွင် စာများဖြန့်
ရခိုင်ပြည်နယ်် မြို့တော် စစ်တွေတွင် သံဃာ့သပိတ်ကော်မီတီ (စစ်တွေ)မှ စစ်တွေမြို့ရှိ ဆရာတော်ကြီများအား အဓမ္မကို ဓမ္မနှင့်တိုက်ထုတ်ကြရန်ဆော်သြထားသော စာများကို ဘုန်းတော်ကြီးကျောင်းများတွင် ဖြန့်ဝေနေကြောင်း သတင်းရရှိ ...

ရခိုင်ပြည်နယ်် မြို့တော် စစ်တွေတွင် သံဃာ့သပိတ်ကော်မီတီ (စစ်တွေ)မှ စစ်တွေမြို့ရှိ ဆရာတော်ကြီများအား အဓမ္မကို ဓမ္မနှင့်တိုက်ထုတ်ကြရန်ဆော်သြထားသော စာများကို ဘုန်းတော်ကြီးကျောင်းများတွင် ဖြန့်ဝေနေကြောင်း သတင်းရရှိသည်။

လူ့အခွင့်အရေးအဖွဲ့ တခုမှ အဖွဲ့ဝင် တဦး ဖြစ်သူ ဦးစောလှကျော်မှ “အဓိကတော့ နအဖကို အခွင့်အရေး အတွက် ပေါင်းသင်းနေတဲ့ ဆရာတော်ကြီးတွေကို ရည်ရွယ်ပြီး ထုတ်တယ်လို့ သိရပါတယ်။ ဆရာတော်ကြီး တချို့ဟာ အခွင့်အရေး ရနေတဲ့အတွက် တိုင်းသူ ပြည်သားတွေ ရင်ဆိုင်ကြံုတွေ့နေရတဲ့ အခက်အခဲတွေကို မကြည့်ဘဲ နအဖအာဏာပိုင်တွေနဲ့ ပေါင်းသင်းနေတာတွေ ရှိနေတော့ ခုလို စာထုတ်ပြီး ရဟန်းတော်တွေက လျှောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။” ဟု ပြောသည်။

ဆရာတော်တချို့မှာ ထိုသို့ နအဖ အာဏာပိုင်များနှင့် ပေါင်းသင်းနေသဖြင့် ဆန်ဆီဆား အပါအဝင် သစ်၊ ဘိလပ်မြေ၊ သွပ်၊ သင်္ကန်းစသည့် အခွင့်အရေးများ ရနေသည်ဟု သိရသည်။ တချို့ ရဟန်းတော်များဆိုလျှင် စစ်အစိုးရ ဆပ်ကပ်သည့် ဘွဲ့ထူး ဂုဏ်ထူးများကို မျှော်လင့်နေသည်ဟု သိရသည်။

စစ်တွေမှ ဦးဇင်းတပါးမှလည်း “ခုလို နအဖဆီက အခွင့့်အရေးကို မျှော်လင့်နေတဲ့ ဆရာတော် တချို့ကြောင့် ဦးဇင်းတို့ ဆန္ဒပြတော့မယ်ဆိုရင် ထောက်လှမ်းရေးက ကြိုတင် သတင်းရထားတဲ့အတွက် ဘာမှ စစ်တွေမှာ လုပ်လို့ မရဘဲ ဖြစ်နေတယ်။ ဒါကြောင့် သံဃာ့သပိ်တ်ကော်မီတီက သံဃာတော်တွေ ရဲရင့်ဖို့ လိုတယ်ဆိုပြီး စာထုတ်ရတာ ဖြစ်တယ်လို့ ဦးဇင်း ယူဆပါတယ်။” ဟု ပြောသည်။

စစ်တွေ သံဃာ့ သပိတ်ကော်မီတီမှ ထုတ်ဝေသော ကျေညာချက်တွက် နအဖ စစ်အစိုးရ၏ လက်အောက်တွင် ဗုဒ္ဓဘာသာမှာ ည်ိုးနွမ်းနေပြီး ပြည်သူများမှာလည်း ဖိနှိပ်ခံနေရကြောင်း၊ သို့အတွက် သာသနာနှင့် ပြည်သူကို ကြည့်သင့်ကြောင်း၊ နအဖမှ ပေးသော လာဒ်လာဘ အပေါ် သာယာနေကြလျှင် ယနေ့သာသနာမှာ အပေါစား နအဖ သာသနာသာ ဖြစ်သွားမည် ဖြစ်ပြီး ဗုဒ္ဓသာသနံ စီရံတိဌတု အစား နအဖသာသနံ စီရံတိဌတု အဖြစ် ပြောင်းလဲ သုံးရန်သာရှိပါကြောင်း၊ သို့အတွက် အဓမ္မဝါဒီများကို ပြည်သူများနှင့် ပူးပေါင်းပြီး ဓမ္မနှင့် တိုက်ထုတ်ရန် လိုကြောင်း ရေးသားထားသည်။

အဆိုပါ ကျေညာချက်ကို စစ်တွေမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဖြန့်ဝေနေပြီး တခြား စစ်အစိုးရ ဆန့်ကျင်ရေး စာများကိုလည်း နေ့စဉ်ရက်ဆက် ဆိုသလို စစ်တွေတွင် ဖြန့်ဝေနေကြသည်ဟု သိရသည်။

Most read this week