အများပြည်သူဆိုင်ရာ ပုံနှိပ်၊ ရုပ်သံနှင့် အင်တာနက်စာမျက်နှာစသည့် မီဒီယာနယ်ပယ်တွင်် အမျိုးသမီးများကို လိင်အသားပေးမှုဆိုင်ရာနှင့် သနားစရာအဖြစ် လွဲမှားစွာ အသုံးချ ခံနေရသည်ဟု မြစ်မခမီဒီယာမှ စီအီးအို ဒေါ်မေသင်္ကြန်ဟိန်းက ပြောကြားလိုက်သည်။
မတ်လ ၉ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးနှင့် မီဒီယာအမည်ရှိ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးတွင် ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ဒေါ်မေသင်္ကြန်ဟိန်က” အမျိုးသမီးတွေကို မီဒီယာတွေမှာ လွဲမှားစွာပုံဖော်နေကြတယ်။ အထူးသဖြင့် ဖျော်ဖြေရေးနဲ့ ကြော်ငြာပိုင်း မီဒီယာတွေမှာဆိုရင် အမျိုးသမီးတွေကို လိင်အသားပေးပုံဖော်မှုတွေများနေတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုးက ခန္ဓာကိုယ် မဟုတ်ပါဘူး”ဟု ပြောသည်။
ကျားမတန်းတူညီမျှရေးကွန်ရက်မှ လေ့ကျင့်ရေးနှင့် သုတေသနအရာရှိ ဒေါ်တင်မာရှိန်က ပုဂ္ဂလိကနှင့် အစိုးရထုတ် သတင်းစာ နှစ်ခုကို သုတေသနပြုချက်အရ အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် စွမ်းဆောင်နိုင်မှုများကို ပုံဖော်မှု နည်းပါးပြီး လိင်အသားပေးနှင့် အခြားသော ကိစ္စရပ်များတွင် လွဲမှားစွာ ပုံဖော်ထားခြင်းကို တစ်နှစ်နီးပါး လေ့လာသုတေသနပြုခဲ့သည်ဟု ဆိုသည်။
ပဲ့တင်သံဂျာနယ်မှ တာဝန်ခံအယ်ဒီတာ မသီတာ (စမ်းချောင်း) က”အချို့သော ကြော်ငြာတွေမှာ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် အမျိုးသမီးတွေရဲ့ လိင်အသားပေးပုံတွေ သုံးကြတယ်။ အမျိုးသမီးတွေကို သားကောင်အဖြစ် အားငယ်သူအဖြစ် မီဒီယာမှာ ပုံဖော်တယ်။ ဒါဟာ မီဒီယာမှာ အမျိုးသမီးကို လွဲမှားစွာ အသုံးချနေရတာပဲ” ဟု ပြောသည်။
ဧရာဝတီသတင်းဌာနမှ အယ်ဒီတာ ကိုကျော်စွာမိုးက မီဒီယာအချို့တွင် လိင်ပိုင်းဆိုင်ရာနှင့် အခြားသော ကိစ္စများတွင် ကိုယ်တိုင် အသုံးမချရန် ပေါ်လစီရှိသော်လည်း အဓိကအားဖြင့် အမျိုးသမီးပုံရိပ်များ သုံးစွဲရခြင်းသည် သုံးစွဲသူ အားပေးမှုအရ စျေးကွက် အခြေအနေကြောင့် အသုံးပြုနေရခြင်းဖြစ်ပြီး အသုံးမချစေရန်အတွက်မူ ပညာပေးမှုများပြုလုပ်၍ ရေရှည်ဆောင်ရွက်သွားရမည် ဟု ဆွေးနွေးခဲ့သည်။
အဆိုပါ အမျိုးသမီးနှင့် မီဒီယာဆွေးနွေးပွဲတွင် အထက်ပါအကြောင်းအရာအပြင် အမျိုးသမီး အကြမ်းဖက်ခံရမှုနှင့် တရားဥပဒေအားနည်းခြင်း၊ လိင်ပိုင်းစိတ်ပိုင်းအကြမ်းဖက်ခံရမှုနှင့် ကျား၊ မ ရေးရာ တန်းတူညီမျှမှုအပေါ် သိနားလည်မှု အားနည်းနေခြင်းနှင့် လိင်ပညာပေးနှင့် သက်ဆိုင်သည်များကို မီဒီယာတွင် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။