အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက မတ်လ ၅ရက်တွင် ကြားနာမည့် အစီအစဉ်သို့ ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီက ကျောင်းသား ကိုယ်စားလှယ် ခြောက်ဦး၊ ပြန်ကြားရေး ကော်မတီမှ နှစ်ဦး စုစုပေါင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ် (ဗကသ)မှ ကိုယ်စားလှယ် ၈ဦး တက်ရောက်တော့မည် မဟုတ်ဟု ဗကသမှ အတွင်းရေးမှူး ကိုမင်းသွေးသစ်က မတ်လ ၄ရက် ည ၁၁က မဇ္ဈိမကို ပြောသည်။
လက်ပံတန်းမြို့ရှိ အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေသည့် ကျောင်းသားပင်မ သပိတ်စစ်ကြောင်းကို အစိုးရ ရဲတပ်ဖွဲ့က တားမြစ်ထားခြင်းကြောင့် ဦးဆောင်ကော်မတီမှ အဖွဲ့ဝင်များ ပင်မသပိတ်စစ်ကြောင်းနှင့်အတူ ထိုင်သပိတ် ဆင်နွဲနေသည့်အတွက် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက အကြံပြုဆွေးနွေးချက် ကြားနာမည့်အစီအစဉ်တွင် ပါဝင်မည်မဟုတ်ဟု ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှုကော်မတီက မဖြိုးဖြိုးအောင်ကလည်း မဇ္ဈိမကို ပြောသည်။
"ကျွန်မတို့ တောင်းဆိုထားတဲ့ အချက်တွေထဲမှာ အစိုးရက မလိုက်လျောစရာ ကြီးကြီးမားမား အချက်တွေ မပါဘူး။ အခုလို တားဆီးလိုက်တာဟာ အစိုးရနဲ့ ကျောင်းသား ထိပ်တိုက်ရင်ဆိုင်မှုလမ်းကို ရွေးချယ်လိုက်တယ်လို့မြင်တယ်’’ ဟု မဖြိုးဖြိုးအောင်က ပြောသည်။
အဆိုပါ ကြားနာမည့်အစီအစဉ်သို့ ဆွေးနွေးမည့် ၆ဦးမှာ လက်ပံတန်းမြို့ ပင်မကျောင်းသား ထိုင်သပိတ်တွင် ရှိနေခြင်းနှင့်အတူ ရဲတပ်ဖွဲ့များ၏ တားဆီးပိတ်ဆို့ထားမှုများကလည်း အန္တရာယ်များလွန်းသည့်အတွက် ထိုင်သပိတ်ကျောင်းသားများနှင့်အတူ ဆက်လက်ရှိနေမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)မှ ကိုယ်စားလှယ်များကမူ တက်မည်ဟု ကြားသိရသည်ဟု ကိုမင်းသွေးသစ် က ပြောသည်။ သို့သော် တကသသို့ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရခဲ့ပေ။
အဆိုပါ ကြားနာမည့် အစီအစဉ်မှာ မတ် ၅ရက်မှ ၁၅ရက်အထိ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ချက်ဥပဒေမူကြမ်းနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအားလုံးနှင့် ကြားနာမည်ဖြစ်ရာ ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှုကော်မတီက မတ်လ ၅ရက်တွင် ပထမဦးဆုံး ကြားနာမည့် အဖွဲ့ဖြစ်သည်။
ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လွှတ်တော်တွင် အတည်ပြုရေးအတွက် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်များ (သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်များ)၊ တက်ရောက်ဆွေးနွေးလိုသည့် နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ၊ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)မှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ကာ ကြားနာသွားမည်ဟု အမျိုးသားလွှတ်တော်က ဖေဖော်ဝါရီ ၂၄ရက်က ထုတ်ပြန်ခဲ့သည်။
ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၂၀ဦးနှင့် ဦးစွာ မတ်လ ၅ရက်တွင် ကြားနာမည်ဖြစ်ပြီး မတ်လ ၆ရက်၌ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ သို့မဟုတ် အတွင်းရေးမှူး (သို့မဟုတ်) ပါတီမူဝါဒဆိုင်ရာ ဆွေးနွေးနိုင်သူ ၂၀ဦး တွေ့ဆုံကြား နာကာ မတ်လ ရရက်တွင် NNER မှ ကိုယ်စားလှယ် ၂၀ ဦးတို့ထံမှ ကြားနာမည် ဖြစ်သည်။
အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ကြားနာမှုကို သတ်မှတ်ရက်များတွင် နံနက် ၁၀နာရီမှ စတင်၍ အမျိုးသားလွှတ်တော် ဆွေးနွေးပွဲခန်းမတွင် ကျင်းပမည် ဖြစ်သည်။