မွန်အမျိုးသားပါတီ၏ ပထမဆုံးအကြိမ် ညီလာခံနောက်ဆုံးရက်၌ အတွင်းရေးမှူးများ ပြန်လည်ရွေးချယ်ရာတွင် အတွင်းရေးမှူးဟောင်း သုံးဦးအနက် တစ်ဦး ပြန်လည် ရွေးချယ်ခံသည်ဟု အထွေထွေအတွင်း ရေမှူးသစ် နိုင်လယိတမက ပြောသည်။
ယခင် အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း၊ တွဲဖက် (၁) ဒေါက်တာ မင်းကြည်ဝင်းနှင့် တွဲဖက် (၂) နိုင်မွန်ရာဇာတို့အနက် ဒေါက်တာ မင်းကြည်ဝင်း တစ်ဦးသာ ပြန်လည်
အရွေးခံရခြင်း ဖြစ်သည်။
အထွေထွေအတွင်းရေမှူးသစ် နိုင်လယိတမက''လျှို့ဝှက်မဲနဲ့ ပွင့်လင်းမြင်သာစွာ ရွေးချယ်တဲ့အတွက် ဒီညီ လာခံဟာ ဒီမိုကရေစီကျကျ ရွေးချယ်တာဖြစ်တယ်'' ဟု ပြောသည်။
အတွင်းရေးမှူး နေရာအတွက် ကိုးဦးစာရင်းသွင်း ယှဉ်ပြိုင်ကြပြီး ဗဟိုကော်မတီများ၏ လျှို့ဝှက်မဲဆန္ဒဖြင့် ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်လယီတမက အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်စိုးမြင့်က တွဲဖက် (၁) နှင့် ဒေါက်တာမင်းကြည်ဝင်းက တွဲဖက် (၂)အဖြစ် အရွေးခံရသည်။
အတွင်းရေးမှူးဟောင်း သုံးဦးသည် ၁၉၈၈ ခုနှစ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ စတင်ဖွဲ့စည်းစဉ်ကပင် ပါဝင် ကြသူများဖြစ်ပြီး မွန်ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီအဖြစ် အဆင့်ဆင့် ပြောင်းလဲ ဖွဲ့စည်းရာတစ် လျှောက်လုံး ပထမအကြိမ် ညီလာခံမကျင်းပမီထိ အတွင်းရေးမှူးများ ဖြစ်ခဲ့ကြသည်။
အတွင်းရေးမှူးသစ်အဖြစ် အရွေးခံရသူနှစ်ဦးမှာ မွန်ပြည်သစ်ပါတီမှ အနားယူလာခဲ့ကြသူများဖြစ်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲနောက်ပိုင်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ပြန်လည်ဖွဲ့စည်းရာတွင် ပါဝင်လာကြသူများ ဖြစ်သည်။
ပါတီဥက္ကဋ္ဌအဖြစ် ယခင်ဥက္ကဋ္ဌဟောင်း နိုင်ငွေသိန်းက ပြိုင်ဖက်မရှိ အရွေးခံရပြီး၊ ဒု-ဥက္ကဋ္ဌနေရာအ တွက် ခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်ရာတွင် နိုင်သက်လွင်နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကူးပြောင်း လာသည့် နိုင်ဂျနူမွန် (ခ) နိုင်ငွေသိန်းက အရွေးခံရသည်။
ညီလာခံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ပါတီဗဟိုဌာနချုပ်ရုံးတွင် ဇန်နဝါရီ ၂၈ ရက်မှ ၃ဝ ရက်ထိ သုံးရက်တိုင်ကျင်းပမည်ဟု ဆိုထားသော်လည်း ဗဟိုကော်မတီနှင့် အလုပ်အမှုဆောင် အဆင့်ဆင့် ရွေးချယ်ရာတွင် အချိန်ကြန့်ကြာခဲ့ခြင်းကြောင့် ဇန်နဝါရီ ၃၁ ရက်ရောက်မှသာ အဆုံးသတ်နိုင် ခဲ့သည်။
လက်ရှိဖွဲ့စည်းပုံအရ မွန်အမျိုးသားပါတီတွင် ဗဟိုကော်မတီဝင် ၉၃ ဦးရှိပြီး၊ ၎င်းအနက် ဗဟိုအလုပ်အမှု ဆောင် ၃၁ ဦးကို ရွေးချယ်ကြသည်။ ဗဟိုကော်မတီ ၉၃ ဦးတွင် အမျိုးသမီး ၁၉ ဦးနှင့် အလုပ်အမှုဆောင် ၃၁ ဦးတွင် ငါးဦးအရွေးခံရသည်။
ဗဟိုကော်မတီအရေအတွက် များလွန်းသည့်အတွက် အစည်းအဝေးခေါ်ယူရာတွင် မတက်ရောက်နိုင်ခြင်း၊ အစည်းအဝေး အထမမြောက်ခြင်းများရှိနိုင်သည်ဟု ပါတီဝင်အချို့၏ ဝေဖန်မှုများလည်းရှိသည်။
နိုင်လယီတမက ''ဒေသစုံကိုကိုယ်စားပြုတဲ့ ဗဟိုကော်မတီတွေပါနိုင်အောင် လုပ်ရတဲ့အတွက် ဗဟိုကော်မ တီတွေများရတာပါ။ ဒီလိုဒေသစုံပါနိုင်မှ မြို့နယ်နဲ့ ဗဟိုချိတ်ဆက်လုပ်ဆောင်မှု အားကောင်းမယ်ပေါ့ ' ဟု ပြောသည်။
ညီလာခံသို့ မွန်လူမျိုးများနေထိုင်ရာ ဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းစသည်တို့မှ ကိုယ်စားလှယ် ၃၃ဝ ကျော်တက်ရောက်ကြပြီး ယခင် ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ဗဟိုကော်မတီ အစည်းအဝေးမှ အတည်ပြုခဲ့သည့် ပါတီဖွဲ့စည်းပုံစည်းမျဉ်းများ၊ ပါတီအလံ၊ တဆိပ်စသည်တို့ကိုလည်း ပြန်လည်သုံးသပ်ပြင်ဆင်ကာ အတည်ပြုခဲ့သည်။