မိုးကုတ်မြို့အနီးရှိ ရွာတွင် ယူရေနီယံဟု ယူဆရသည့် သတ္တုတွေ့ဟု ဦးတေဇဆို

မိုးကုတ်မြို့အနီးရှိ ရွာတွင် ယူရေနီယံဟု ယူဆရသည့် သတ္တုတွေ့ဟု ဦးတေဇဆို
by -
မဇ္စျိမ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ၃၅ မိုင်အကွာ အုန်တန်ရွာအနီးတွင် ယူရေနီယံဓာတ်သတ္တုပါဝင် သည့် ကျောက်တုံးများ တူးဖော်ရရှိခဲ့သည်ဟု နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ထူးကုမ္ပဏီများ အုပ်စုမှ ဥက္ကဋ္ဌ ဦးတေဇက ဇန်နဝါရီ ၁၉ရက်တွင် ၎င်း၏ နေအိမ်အတွင်း ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

၎င်းက ''သတ္တုတိုင်းတာရေး ကိရိယာ၊ ဓာတ်ခွဲခန်းကို ပို့ခဲ့တယ်။ ဓာတ်ခွဲခန်းကလည်း ဟုတ်တယ်လို့ပြန်ပြောပြီး၊ တခြားဘာမှ မပြောပါဘူး။ အခုကျွန်တော်တို့တွေ ဓာတ်ရောင်ခြည်သင့်တဲ့ လက္ခဏာတွေလို သွေးဖြူ ဥကျတယ်၊ ချောင်းဆိုးတယ်၊ ဖျားတယ်။ အိမ်က လုံခြံုရေးတွေတောင် ဖြစ်နေတယ်'' ဟု ဆိုသည်။

U-Taza

ယူရေနီယံ သတ္တုဓာတ်ပါဝင်သည့် ကျောက်တုံးများကို ရတနာကျောက်ရောင်းဝယ်ရေးက ပတ္တမြားထွက်သည်ဟု ယူဆကာ တူးဖော်နေသည့် နေရာအတွင်း တူးဖော်ရရှိကာ ဦးတေဇထံသို့ တစ်ပိဿာ ကျပ်သိန်း ၂ဝဝ ဖြင့် ရောင်းချခြင်းဖြစ်ပြီး ၎င်းလက်ထဲတွင် သုံးပိဿာကျော်အထိ ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ယူရေနီယံအမြောက်အမြား ထုတ်လုပ်နိုင်သည့်စာရင်းတွင် မပါဝင်သကဲ့သို့ ယူရေနီယံ သီးသန့်တည်ရှိသည့် သတ္တုတွင်းများ မရှိဘဲ မိုနိုဆိုဒ်၊ ဇိန်မွန်၊ တိုင်တေနီယံ စသည့် လေးလံသတ္တု (Heavy Metals) များနှင့်သာ ရောနှောတွေ့ရှိရပြီး ယူရေနီယံပါဝင်မှုနှုန်း အလွန်နည်းပါးသည်ဟု ၂ဝဝ၆ ခုနှစ်အထိ သတ္တုတွင်း ဝန်ကြီးဌာနတွင် ဒုတိယညွန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

''ကျောက်တုံး တစ်တုံးထဲမှာ တစ်ခါတစ်လေ တခြားဒြပ်စင်တွေနဲ့ ပေါင်းပြီးပါတာ။ ရာသီဥတုတိုက်စားလို့ ပါလာတာတေ ွရှိပါတယ်။ စမ်းတဲ့ပစ္စည်းဆိုတာကလည်း တစ်ကယ့်လက်တွေ့မှာ မဟုတ်တာတွေရှိပါတယ်။ ရှမ်းမြောက်ဘက်ဆိုရင် တစ်ခါတစ်ခါ ခဲမဖြူနဲ့အတူ ပါပါလာပါတယ်'' ဟု ၎င်းတာဝန်ထမ်းဆောင်စဉ် အတွေ့အကြံုကို ရှင်းပြသည်။

သတ္တုတိုင်းတာရေး ကိရိယာဖြင့် ကျောက်တုံးများအတွင်း ဒြပ်စင်များပါဝင်မှုကို တိုင်းတာထားရှိမှု ဗီဒီယို မှတ်တမ်းနှင့် ဒြပ်စင်ပါဝင်မှု ရလဒ်ရိုက်ကူးထားသည့် ဓာတ်ပုံ ၁၂ ပုံတွင် ယူရေနီယံ (U) ၁၇ ရာခိုင်နှုန်း ပါဝင်သည့် ဓာတ်ပုံတစ်ခုကိုသာ မဇ္ဈိမက တွေ့မြင်ခဲ့သည်။

ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဇော်ဝင်းက ''ကျွန်တော်တို့အနေနဲ့တော့ သတင်းကြားလို့လာတာပါ။ သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနကလည်း ဘာမှတော့ အကြောင်း မကြားပါဘူး'' ဟု မဇ္ဈိမကို ပြောသည်။

အာဆီယံနိုင်ငံများအတွင်း မြန်မာနိုင်ငံတွင်သာ ယူရေနီယံဒြပ်စင်ရှိသည့်နေရာ လေးနေရာ ရှိနေသည်ဟု အာဆီယံရေး ကျွမ်းကျင်သူ ထိုင်းနိုင်ငံသား သတင်းစာဆရာကဝီက ဆိုထားသည်။

ကမ္ဘာပေါ်တွင် ကာဇန်စတန်က ယူရေနီယံအမြောက်အမြား ထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်ပြီး ကနေဒါနှင့် သြစတြေးလျတို့က ဒုတိယအများဆုံး ထုတ်လုပ်နိုင်သည့် နိုင်ငံများဖြစ်သည်။

Most read this week