၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ပြုလုပ်သွားနိုင်ရန်နှင့် အခြေခံဥပဒေ ပြင်ဆင်ရေးစ သည့် ကိစ္စရပ်များအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားများမဟာမိတ်အဖွဲ့ (UNA) တို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က တွေ့ဆုံမှု အပြီးတွင် မီဒီယာများကို ပြောသည်။
၎င်းက''မိတ်ဖွဲ့ အဖွဲ့အစည်းနဲ့ NLD ဥက္ကဋ္ဌကို လာပြီးတော့ ရှင်းပြတယ်။ ရှေ့ဆက်သွားဖို့လည်း အချက်သုံးချက် ညှိခဲ့တယ်။ သဘောတူညီ ချက်တော ့မရသေးဘူး။ UNA မှာ ပြန်ပြီးတော့ ဆွေးနွေးမယ်။ ဒီဘက်မှာလည်း NLD စီအီးစီမှာ ပြန်ပြီးတော့ ဆွေးနွေးပါမယ်'' ဟု ပြောသည်။
နေပြည်တော်ကောင်စီ၊ ဥတ္တရသီရိမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ၏ နှင်းဆီစံအိမ်တွင် UNA အဖွဲ့နှင့်နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အဓိကအားဖြင့် ၂ဝ၁၅ ခုနှစ်တွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်ရေး၊ ဆွေးနွေးပွဲ များဖြစ်မြောက်ရေးနှင့် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးစသည့် အချက်အလက်များကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ဦးစိုင်ညွန့်လွင်က''အဓိကတော့ ညီညွတ်ရေးပါ။ နိုင်ငံရေးအလုပ်တွေပါ။ နိုင်ငံရေး အလုပ်ဆိုတာ NLD နဲ့လည်း ပြောဖို့လိုတယ်၊ တစညနဲ့ လည်း ပြောဖို့ လိုပါတယ်။ နီးစပ်နိုင်တဲ့ ဖြစ်နိုင်တဲ့ အဖွဲ့အစည်းတွေပေါ့့'' ဟု ဆက်ပြောသည်။
ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ရရှိခဲ့သော်လည်း ခေါင်းစဉ်များအတွက် အသုံးအနှုန်း စကားလုံးများကို တိတိကျကျ သတ်မှတ်ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ နှစ်ဖက်စလုံး ဆွေးနွေးပြီးမှသာ အတည်ပြုမည် ဖြစ်သည်။
''ကျွန်တော်တို့နိုင်ငံက တစ်ဖြည်းဖြည်းနဲ့ အရေးကြီးလာပြီး ၂ဝ၁၅ မှာမှန်မှန်ကန်ကန်နဲ့ ဖြောင့်ဖြောင့်မတ်မတ် အားလုံးအေးအေး
ဆေးဆေးနဲ့ သွားဖို့လိုတယ်။ ညှိညှိ နှိုင်းနှိုင်းပိုပြီးတော့ လုပ်ဖို့လိုတယ်။ ညီညီညွတ်ညွတ် ဖြစ်အောင်ပေါ့ဗျာ။ ဒီနှစ်မှာတော့ ကျွန်တော်တို့က ရန်တွေလျှော့နိုင်သလောက် လျှော့ပြီး မိတ်ဆွေတွေဖြစ် အောင်ညှိတာပါ'' ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညီညွတ်သော တိုင်းရင်းသားမဟာမိတ် အဖွဲ့၏ တင်ပြဆွေးနွေးချက်များကို သဘောတူညီသည်ဟုလည်း ၎င်းက ဆိုသည်။
နောက်ထပ်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် ပြင်ဆင်လုပ်ဆောင်သွားမည်ဟုလည်း ဦးစိုင်းညွန့်လွင်က ပြော သည်။