တောင်ငူမြို့တွင် ကန်ဒေါ်လာ သန်း ၅၀၀ အကုန်ကျခံဖော်ဆောင်မည့် ကေတုမတီ ဘက်စုံသုံး စီးပွားရေး စက်မှုဥယာဉ်မြို့တော် စီမံကိန်းကို လူထုထောက်ခံပွဲကျင်းပခဲ့ပြီး တစ်ချိန်တည်း၌ပင် ကန့်ကွက်ဆန္ဒဖော်ထုတ်မှုကိုလည်း ပြုလုပ်ခဲ့သည်။
“ငါးနှစ်အတွင်းမှာ တစ်ဆင့်ပြီးတစ်ဆင့် အပြီးဆောင်ရွက်သွားမယ်။ ခုတော့ မြေဝယ်ယူထားတာလည်း ရှိတယ်။ ဒေသပေါက်စျေး နဲ့ ပေးဝယ်တာပါ”ဟု ကေတုမတီစီမံကိန်း အများပိုင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ခေါ်ခင်ခင်ဝင်းက မဇ္စျိမကို ပြောသည်။
လူထုထောက်ခံပွဲကို ဇန်နဝါရီ ၈ ရက် နေ့လည် တစ်နာရီတွင် စီမံကိန်းဖော်ဆောင်မည့် တောင်ငူမြို့နှင့် ရှစ်မိုင်ခန့်အကွာရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး မိုင်တိုင်အမှတ် ၁၄၈ မှ ၁၅၂ အထိ အကောင်အထည်ဖော်မည့် လယ်မြေများပေါ်တွင် ကျင်းပခဲ့သည်။
စီမံကိန်းဆောင်ရွက်ရန်အတွက် ကုမ္ပဏီအနေဖြင့် လက်တစ်လောတွင် လယ်ယာမြေများကို ဝယ်ယူ စုဆောင်လျှက်ရှိပြီး ကာလပေါက်စျေးဖြင့် ဧက သုံးထောင်ကျော် ဝယ်ယူထားပြီး ကျန်လယ်မြေများကို ထပ်မံဝယ်ယူရန်အတွက် ရုံးခန်းဖွင့်လှစ်သွားမည်ဟု ဆိုသည်။ စက်မှုဥယာဉ်မြို့တော်စီမံကိန်းတွင် အိမ်ယာများ၊ စက်ရုံများ၊ အားကစားကွင်းများ ပါ၀င်မည်ဖြစ်ပြီး အလုပ်သမားဝန် ထမ်းများ နေထိုင်ရန်အတွက် အိမ်ယာများလည်း တည်ဆောက်မည်ဟုဆိုသည်း
စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် ပတ်သက်သည့် EIA ၊ SIA လုပ်ငန်းဆောင် ရွက်မှုများကို လက်တစ်လောတွင် လုပ်ဆောင်ထားခြင်း မရှိသေးသော်လည်း လုပ်ဆောင်ရန် ပြင်ဆင်နေ သည်ဟု မန်နေဂျင်းဒါရိုက်တာ ဒေါ်ခင်ခင်ဝင်းကပြောသည်။
“အများပိုင်ကုမ္ပဏီဖြစ်တဲ့အတွက် အစုရှယ်ရာတွေကို တစ်စုတစ်သောင်းပဲ သတ်မှတ်ပေးထားတယ်။ နောက် လယ်သမားတွေလည်း အစုရှယ်ရာတွေ ရောင်းပေးထားတယ်။ လောလောဆယ် စီမံကိန်းကို နှုတ်မိန့်နဲ့ သဘောတူထားတယ်” ဟု မန်နေဂျင်း ဒါရိုက်တာ ဒေါ်ခင်ခင်ဝင်း က ပြောသည်။
ကေတုမတီစီမံကိန်း လယ်မြေဧက စုစုပေါင်း တစ်သောင်းနှစ်ထောင်ကျော်ပေါ်တွင် ဆောက်လုပ်သွား မည်ဖြစ်ပြီး လတ်တစ်လော တွင် မြေလွတ်မြေရိုင်းဧက သုံးထောင်ကျော်ကို အစိုးရအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းရှင်အချို့အား ခွင့်ပြုပေးထားပြီးဖြစ်သည်။
တောင်ငူမြို့ တောင်သူလယ်သမားပါတီ ဥက္ကဋ္ဌ ဦးကျော်စိုးမိုးက ဦးဆောင်ပြီး စီမံကိန်းအတွင်း ပါဝင်သည့် ကျေးရွာ အုပ်စုလေးခုမှ လယ်သမားနှစ်ရာကျော်ဖြင့် နေခင်းတစ်နာရီတွင် ကေတုမတီဘက်စုံသုံး စီးပွားရေး ဥယာဉ်မြို့တော်စီမံကိန်းအား ကန့်ကွက်ကြောင်း တောင်ငူမြို့ပေါ်တွင် တရားဝင်ဆန္ဒထုတ်ဖော် ခဲ့သည်။
“စီမံကိန်းနဲ့ပါတ်သက်ပြီး ဘာပွင့်လင်မြင်သာမှုမှမရှိဘူး။ နောက်ပြီးတော့ လယ်သမားတွေကို အတင်းလယ်တွေရောင်းရမယ် မရောင်းရင် သိမ်းမယ်။ ဒါနိုင်ငံတော်စီမံကိန်းဆိုပြီး ခြိမ်းခြောက်တယ်။ အဲဒါကြောင့် ကန့်ကွက်ဆန္ဒဖော်ထုတ်တာ။ လယ်သမားတွေကလည်း အကူအညီတောင်းလို့ပါ” ဟု ဆန္ဒပြခေါင်ဆောင် ဦးကျော်စိုးမိုးက ပြောသည်။
စီမံကိန်းအတွင်းပါဝင်သည့် လုပ်ငန်းရှင်းများနှင့် နီစပ်သည့်သူများက တောင်သူလယ်သမားများထံမှ လယ်ယာမြေများကို တစ်ဧကလျှင် အနည်းဆုံးကျပ် နှစ်သိန်းမှ ကျပ်းရှစ်သိန်းအထိ ပေးဝယ်ယူခဲ့ကြ သည်။ တောင်သူလယ်သမားများ အနေဖြင့် လယ်မြေများ ဖော်ထုတ်လုပ်ကိုင် ခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်သော်လည်း အစိုးရမြေပုံမြေညွှန်တွင် မြေလွတ်မြေရိုင်း ပေါက်နေသည့်အတွက် အငြင်းပွားမှုများလည်းရှိသည်။
“ပွင့်လင်းမြင့်သာမှုမရှိဘူးဆိုတာ ကျွန်တော်တို့ မြေယာနဲ့ပါတ်သက်ပြီး ဝန်ကြီးဌာန ၂၆ ခုလောက်နဲ့ ညှိနှိုင်းနေပါတယ်။ မြေလွတ်မြေရိုင်းမှာ လယ်မြေတွေဖြစ်နေတာကြောင့် ဆွေးနွေးနေတဲ့အဆင့် ဖြစ်တဲ့အတွက် ပွင့်လင်မြင်သာအောင် မချပြနိုင်သေးတာပါ”ဟု ကေတုမတီစီမံကိန်း အကောင်အထည်ဖော်မည် ကုမ္ပဏီမှ မန်နေဂျင်ဒါရိုက်တော့ ဦးဘဆွေကပြောသည်။
စီမံကိန်းအတွင်းပါ၀င်သည့် လယ်မြေဧက သုံးထောင်ကျော်မှာ ရောင်းဝယ်ခြင်းမရှိသေးပဲ လယ်သမားအချို့ ကလည်း ရောင်းချသွားမည် မဟုက်ဘူးဟု ဆန္ဒဖော်ထုတ်ရန် ပြင်ဆင်နေချိန်တွင် မဇ္စျိမကိုပြောသည်။ စီမံကိန်းတည်ဆောက်လျှင် ကျေးရွာ အုပ်စုလေးခုမှ လယ်ယာမြေများပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး လယ်သမားများနှင့် ပါတ်သက်ပြီး မည်သို့ဆောင်ရွက်မည်ကို ပြောဆိုထားခြင်း မရှိသေးပေ။