မီဒီယာကို သုံးလာသူများနှင့် ၂၀၁၅ ပြိုင်ပွဲအစ

မီဒီယာကို သုံးလာသူများနှင့် ၂၀၁၅ ပြိုင်ပွဲအစ
by -
မဇ္စျိမ

နာမည်ကျော် ပုဂ္ဂလိကဂျာနယ် တစ်စောင်ပါ မျက်နှာဖုံးဆောင်းပါး တစ်ပုဒ်အတွက် ယင်းဆောင်းပါး ကို စောင်ရေ ထောင်ချီ မှာယူသူ မျာရှိခဲ့သည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ခဲ့ရှိသည့် The Voice Weekly နံပါတ် ၄၉၊ အတွဲ ၁၀ ပါ ဆောင်းပါးနှင့် ပတ်သက်၍ ယင်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဤသို့ရေးခဲ့သည်။

“ဦးရွှေမန်းအကြောင်းThe Voice Weeklyမှာ မျက်နှာဖုံး ဆောင်းပါးတင်တော့ အဲဒီဆောင်းပါးကိုပဲ စောင်ရေ ထောင်ဂဏန်းလောက် ထပ်ရိုက်ခိုင်းပြီး ဝယ်တဲ့သူတွေက ဦးသိန်းစိန်အကြောင်း မျက်နှာဖုံး ဆောင်းပါးလည်းတင်ရော တုတ်တုတ်မှ မလှုပ်တော့ဘူး” ဟု ရေးသားထားသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)၏အတွင်းရေးမှူးလည်းဖြစ်သူ ဦးကျော်မင်းဆွေ၏ အရေးအသား တွင် ၀ှက်ထားသည့် ၀ယ်သူများနှင့် ၀ယ်ယူပြီးနောက် အသုံးပြုပုံကို မသိရပေ။ ဦးကျော်မင်းဆွေကို မဇ္ဈိမ က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၀ယ်သူများနှင့် အသုံးပြုပုံကို ဖြေကြားနိုင်မည်မဟုတ်ဟု ၎င်းက ဆိုသည်။

“တကယ်ဆို ဦးရွှေမန်းအကြောင်းပဲ ဖြစ်ဖြစ် ဦးသိန်းစိန်အကြောင်းပဲဖြစ်ဖြစ် လေ့လာဆန်းစစ် သုံးသပ်ပြီး ပြင် သင့်တာပြင်၊ ပြောင်းသင့်တာ ပြောင်း၊ ဆက်လုပ်သင့်တာလုပ်ဖို့ အကြံပေးရမှာ မဟုတ်ဘူးလား” ဟု ဦးကျော်မင်းဆွေက ၎င်း၏ ရေးသားချက်တွင် မေးခွန်း ထုတ်ထားသေးသည်။

၂၀၁၅ သို့ ချင်းနင်းဝင်ရောက်လာသည်မှာ သီတင်းပတ်တစ်ပတ်သာ ရှိသေးသည်။ သို့သော် မြန်မာ့အရေးကို စိတ်ဝင်စားသူ ပြည်တွင်းပြည်ပ အကဲခတ်များက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို စိတ်ဝင်တစား ပြော  ဆိုနေကြသကဲ့သို့ ပြည်တွင်းတွင်လည်း ရွေးကောက်ပွဲဝင် မည့် နိုင်ငံရေးပါတီများ၊ သမ္မတဖြစ် လိုသူများ၊ ၎င်းတို့ကို အားပေးထောက်ခံသူများ၏ လှုပ်ရှားမှုများကို စတင်တွေ့လာရသည်။

မီဒီယာကို တိုက်ရိုက်သုံးခြင်း သို့တည်း မဟုတ် လွတ်လပ်သော ပုဂ္ဂလိကသတင်းစာများ၊ ဂျာနယ်၏ ရေး သားချက်များ၊ တင်ဆက်မှုများတွင် ၎င်းတို့အလိုနှင့်ကိုက်ညီက အသုံးချလိုပုံရသည့် လူတန်းစားတစ်ရပ် ရှိ နေခြင်းကို The Voice ဂျာနယ်ဖြင့် သက်သေခံနိုင်ပြီဖြစ်သည်။ ထို့အတူ ပါတီလိုင်း နောက်ခံရှိ သတင်းစာ တစ်စောင်မှ အယ်ဒီတာဟောင်းတစ်ဦး၏အဆိုအရ ၎င်းတာဝန် ထမ်းဆောင်ခဲ့သော သတင်းစာများကို စောင်ရေ ရာဂဏန်းအထိမှာယူမှုများ ရှိခဲ့ကြောင်း သိရသည်။

ထိုသို့မှာယူသူသည် စီးပွားရေးသမား တစ်ဦးဖြစ်သလို လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်နေခြင်းက စိတ် ၀င်စားဖွယ်ဖြစ်ပါသည်။ သတင်းစာ၊ ဂျာနယ်ပါ ရေးသား ဖော်ပြချက်များကို ၎င်းတို့သည် မည်သည့် ရည် ရွယ်ချက်များဖြင့် သုံးကြသနည်း။ ၎င်းတို့တွင် မည်သည့် နိုင်ငံရေးရည်မှန်းချက်များ ရှိနေပါသနည်း။

ပေါ်ပြူလာဂျာနယ်များနှင့် မဂ္ဂဇင်းများကို ထုတ်ဝေနေသည့် Asian Fame Media Group မှ Editorial and Technical Director ဦးဖိုးနိုင်လင်းက ယခုကဲ့သို့ သုံးသပ်သည်။

“ဆရာကြီးရွှေဥဒေါင်းပြောသလို နိုင်ငံရေးသမား ဘာမှမဖြစ်စေချင်ရင် သူကောင်းကောင်း ဆိုးဆိုးမရေးနဲ့၊ ဒါဆို ပြန်လှည့်သွားမယ် ဆိုတဲ့အတိုင်းပဲ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။

မကြာမတင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဝင်ခဲ့ကြသည့် စီးပွားရေး သမားအချို့ကလည်း မီဒီယာများက ၎င်းတို့အကြောင်း ရေးသားဖော်ပြချက်များ အားနည်းသည်ဟု ဝေဖန် ခဲ့ပြီး ကိုယ်တိုင်ကြော်ငြာများကို ဂျာနယ်နှင့် သတင်းစာများတွင် ထည့်သွင်းခဲ့ကြသည်၊ မီဒီယာဖော်ပြချက် ကွက်လပ်များကို ကိုယ်ပိုင်ပိုက်ဆံဖြင့် သုံးစွဲ ရင်းနှီးခဲ့ကြသည်။

မီဒီယာများကို သုံးစွဲမှု၊ အသုံးချမှုနှင့် ပတ်သက်၍ အလဲဗင်းနေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက “မီဒီယာကို အသုံးချနေ၊ မနေဆိုတာကိုတော့ ပြောရတာ ခက်မယ်ဆိုပေမယ့် စာဖတ်သူကတော့ သိပါ တယ်။ စာဖတ်သူ ဆုံးဖြတ်ပါလိမ့်မယ်။ မူဝါဒခိုင်ခိုင်မာမာရှိတဲ့ တိုက်တွေတော့ ဖြစ် နိုင်မယ်မထင်ဘူး၊ မရှိရင်တော့တစ်မျိုးပေါ့”ဟု ၎င်းက ဆိုသည်။

အထက်ပါ The Voice ဂျာနယ်နှင့် သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေကမူ နိုင်ငံတကာ အတွေ့အကြုံကိုပါ ထပ်ပေါင်းပြီး ယခုကဲ့သို့ သုံးသပ်ပြသည်။

“နိုင်ငံရေး၊ စီးပွားရေး အားလုံးက မီဒီယာကို အသုံးချတယ်။ နိုင်ငံတကာအဖွဲ့တွေလည်း အသုံးချကြတာပဲ၊ အသုံးချခံတာ၊ မခံတာက တိုက်တွေရဲ့မူအပေါ်ပဲ မူတည်ကြတယ်။ ဘယ်လိုအနေအထားကို လက်ခံတယ်။ ဘယ်လိုဆို လက်မခံဘူးဆိုတာအပေါ် မူတည်တယ်” ဟု မြန်မာနိုင်ငံစာ နယ်ဇင်းကောင်စီ(ယာယီ)၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးကျော်မင်းဆွေက မဇ္ဈိမ ကို ပြောသည်။

မည်သို့ဆိုစေ ဆိုင်ရာများက မီဒီယာကို သုံးလာကြပြီဖြစ်သည်။ ပေါ်ပေါ်တင်တင်လည်း သုံးမည်၊ သွယ်ဝိုက်၍လည်းသုံးမည်။ အဓိက အသုံးချစရာလည်း ရှိနေသည်။

“သေချာတာကတော့ ၂၀၁၅ ရွေးကောက်ပွဲရှိတော့ အင်အားပြိုင်လာကြမယ်၊ အခုကာလက အရမ်းအရေး ကြီးတဲ့ကာလပဲ” ဟု နိုင်ငံရေး ဆောင်းပါးများ ရေးသားသူ စာရေးဆရာ သန်းစိုးနိုင်က သုံးသပ်သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက “ရွေးကောက်ပွဲနီးလာလေ အင်အားပြိုင်ဆိုင်မှုကနေ ပုဂ္ဂိုလ်ရေးထိုးနိုင်မှု တွေများနိုင်တယ်။ အဲဒီတော့ မီဒီယာတွေ မှာလည်း တိကျတဲ့ရည်မှန်းချက်ရှိရမယ်။ ဒါဆို ဘာမှမဖြစ်နိုင်ဘူး။ ဟိုလိုလို ဒီလိုလိုဆိုရင်တော့ နှစ်ဖက်ကြား ညှပ်နိုင်တယ်။ ဒီမှာလည်း မီဒီယာ ကြီးတွေက နိုင်ငံရေး အုပ်စုတွေနဲ့ နီးနီးကပ်ကပ်ရှိနေတာ တွေ့နေရပါတယ်” ဟု ဆိုသည်။

Most read this week