ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်က ရိုဟင်ဂျာကို နိုင်ငံသားဖြစ်ခွင့် ပြောဆိုလျှင် ရခိုင်ပြည်နယ်အစိုးရ ကန့်ကွက်မည်

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်က ရိုဟင်ဂျာကို နိုင်ငံသားဖြစ်ခွင့် ပြောဆိုလျှင် ရခိုင်ပြည်နယ်အစိုးရ ကန့်ကွက်မည်
by -
မဇ္စျိမ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီလီသည် ရိုဟင်ဂျာ နိုင်ငံ သားဖြစ်ခွင့် ရရှိရေး ပြောဆိုလာပါက ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုင်ကြား ကန့်ကွက်သွားမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက မဇ္စျိမကို ဇန်နဝါရီ ရ ရက်က ပြောသည်။

လူ့အခွင့်ရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်ရောက်ရှိမည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီလီသည် ၎င်း၏ခရီးစဉ်တွင် ရခိုင်ပြည်နယ်အတွင်း ရှိ နိုင်ငံသားဖြစ်ခွင့် မရရှိသေးသူများနှင့် စပ်လျဉ်းပြီး အဓိက လာရောက်ခြင်းဖြစ်သည် ဟုသတင်းများ ထွက်ပေါ်နေမှုကြောင့် ရခိုင်ပြည်နယ် အစိုးရက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

Yanheele

“ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကူညီနေတာကြိုဆိုတယ်၊ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေကိုတော့ လိုက်နာရမယ်။ လှူတာကို အကြောင်းပြပြီး ဖိအားပေးတာမျိုး ဝင်စွက်ဖက်တာမျိုးလက်မခံဘူး။ သမ္မတကြီးနဲ့ ဝန်ကြီးချုပ်ကလည်း တရားဝင် ပြောထားပြီး သား ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

မစ္စရန်ဟီလီသည် ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်၏ တွေ့ရှိချက် အစီရင်ခံစာကို အောက်တိုဘာ ၂၈ ရက်က ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယ ကော်မတီ အစည်းအဝေးတွင် တင်သွင်းခဲ့သည်။ ယင်း အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးချိုးဖောက်မှုများကို အသေးစိတ် ရေး သားတင်သွင်းခဲ့ခြင်းဖြစ်သည်။

“ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့ ဒီလိုစွက်ဖက်မှုတွေဟာ သံတမန်စည်းမျဉ်းကိုလည်း ချိုးဖောက်သလို တည်ငြိမ်မှုကိုလည်း ပျက်ပြားစေပါတယ်။ တစ်ဖက်အဖွဲ့အစည်းကို မြှောက်ပေးသလို ဖြစ်နေ ပါတယ်”ဟု အဆိုပါပုဂ္ဂိုလ်ကဆိုသည်။

ထို့ပြင် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံသားဖြစ်ခွင့် မရသေးသူများကို ရိုဟင်ဂျာဟု သုံးနှုန်းမှုကို နှစ်ဖက် တည်ငြိမ်မှုပျက်ပြားစေသည် ဆိုကာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အိတ်ဖွင့်ပေးစာပေးခဲ့သည်။

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများ၏ အခြေအနေများနှင့် ပတ်သက်၍ စစ်တွေ အောင်မင်္ဂလာရပ်ကွက်မှ ဘင်္ဂလီအရေး လှုပ်ရှားသူ ဦးအောင်ဝင်းက “နှစ်နှစ်ကျော်ကာလ အတွင်းမှာ ကျွန်တော်တို့ သွားလာခွင့် ပိတ်ပင်ခံထားရတာတွေ၊ ကျောင်းသားတွေ ပညာသင်ခွင့် ပိတ်ပင်ထားတာတွေကို အရင်ဖြေရှင်ပေးဖို့လိုပါတယ်၊ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းက ဒုတိယအဆင့်ပါခင်ဗျ”ဟု ဆိုသည်။

ရခိုင်ပြည်နယ် လူထု ကလည်း Ms Yanghee Lee ၏ ခရီးစဉ်တွင် ကန့်ကွက်ဆန္ဒထုတ်ဖော် ရန် ပြင်ဆင်နေကြသည် ဟု တက်ကြွလှုပ်ရှားသူဒေါ်ညိုအေးကပြောသည်။

“ရိုဟင်ဂျာ အရေးအတွက် မြန်မာနိုင်ငံကို ကူညီနေတယ်ဆိုတာ သူတို့ လုပ်ရပ်တွေ၊ သူတို့ အစီရင်ခံစာတွေက သက်သေပြနေတယ်။ ဒါကြောင့် ကုလသမဂ္ဂ ကိုယ်စားလှယ် ရောက်တဲ့အချိန်မှာ ကန့်ကွက်တာပါ၊ ဒါက တစ်ဦးတစ်ယောက်ကို ကန့်ကွက်တာထက် ကုလသမဂ္ဂရဲ့ ရခိုင်ပြည်နယ် အပေါ်သဘောထားကို ကန့်ကွက်မှာဖြစ်ပါတယ်” ဟု ဒေါ်ညိုအေးကဆိုသည်။

ဇန်နဝါရီ ရ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ဆယ်ရက်ကြာ ခရီးစဉ်နှင့် ပတ်သက်၍ လူ့အခွင့်အရေး အစီရင်ခံစာကို ၂၀၁၅ ခုနှစ် ဧပြီလတွင် ပြုလုပ်မည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် တင်ပြမည် ဖြစ်သည်။

ရခိုင်ပြည်နယ် နိုင်ငံသား ဖြစ်ခွင့် ရရှိရေးနှင့် ပတ်သက်ပြီး ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ စိစစ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ သို့သော် ဘင်္ဂလီဟု ခံယူသူများကိုသာ လက်ခံစစ်ဆေးမည်ဖြစ်ပြီး ရိုဟင်ဂျာ ခံယူသူများကို လက်ခံစစ်ဆေးမည် မဟုတ်ဟု ပြည်နယ် အစိုးရအဖွဲ့ကပြောကြားထားသည်။