မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ အမှတ်(၂)အထည်စက်ရုံ (ပလိပ်) စက်ရုံမှ ဝန်ထမ်း ၉၀၀ ကျော်က အလုပ်ဆင်းခွင့်ရရန် ဆန္ဒပြတောင်းဆိုနေသည်မှာ ရက်သတ္တပတ် နှစ်ပတ်ကျော်လာပြီ ဖြစ်သော်လည်း ညှိနှိုင်းမှု မရှိသည့်အတွက် ပလိပ်မြို့တွင်း၌ ချီတက်ဆန္ဒပြ တောင်းဆိုမည်ဟု ဇန်နဝါရီ ၆ ရက် မန္တလေးမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် စက်ရုံဝန်ထမ်းများ က ပြောကြားလိုက်သည်။
အဆိုပါ ချီတက်ဆန္ဒပြတောင်းဆိုမှုကို ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်တို့တွင် တောင်းဆိုသွားမည်ဖြစ်ပြီး ထိုသို့ တောင်းဆိုမှုကို ထပ်မံညှိနှိုင်းမှုမပြုပါက မန္တလေးတိုင်း အစိုးရရုံးသို့ ချီတက်ဆန္ဒထုတ်ဖော် တောင်းဆိုမှု များ ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းတို့က ဆိုသည်။
အမှတ် (၂) အထည်စက်ရုံ (ပလိပ်) မှ အလုပ်ရုံစုမှူး ဒေါ်ဇာခြည်ဝင်းက “အဆင့်ဆင့် တောင်းမယ်၊ မရဘူးဆိုရင်တော့ တိုင်းအစိုးရအထိ ချီတက် တောင်းဆိုမယ်” ဟု ပြောသည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၆ ရက်အထိ စက်ရုံရှေ့တွင် မူလခံစားခွင့်များအတိုင်း အလုပ်ပြန်လည် ဆင်းခွင့်ရရှိရန် တောင်းဆို လျက်ရှိပြီး ညှိနှိုင်းဆောင်ရွက်ပေးခြင်း မရှိသဖြင့် ပလိပ်မြို့တွင်း ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်တွင် ချီတက်ဆန္ဒပြတောင်းဆိုခြင်းနှင့် ဇန်နဝါရီ ၁၂ ရက်တွင် စက်ရုံကို သပိတ်မှောက်ကာ တိုင်းဒေသကြီး အစိုးရရုံးအဖွဲ့ရှိရာ မန္တလေးသို့ ချီတက်တောင်းဆိုမှုများ လုပ်ဆောင်မည် ဖြစ် သည်။
လက်ရှိတွင် ပလိပ်ချည်မျှင်နှင့်အထည် စက်ရုံကို Panda Textile Co.,Ltd က ၂၀၁၃ ခုနှစ်မှစတင် လွှဲပြောင်းလုပ်ကိုင်ခဲ့သည်။ ထိုသို့ လုပ်ကိုင်ရာတွင် စက်ရုံရှိဝန်ထမ်းများအား မူလခံစားခွင့်များအတိုင်း စက်မှုဝန်ကြီးဌာနမှ လွှဲပြောင်းယူထားသော်လည်း ကုမ္ပဏီဘက်က စာချုပ်အသစ် ထပ်မံချုပ်ဆိုမှသာ အလုပ် ဆင်းခွင့်ပြုမည်ဟုဆိုသည့်အတွက် ဝန်ထမ်းများက စာချုပ်သစ် မချုပ်ဘဲ ဆက်လက်အလုပ်ဆင်းခွင့် ရရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။
ဒေါ်ဇာခြည်ဝင်းက “ကုမ္ပဏီကနေ EC စာချုပ်ထပ်ချုပ်မှပဲ အလုပ်ဆင်းခွင့်ပြုမယ်ဆိုပြီး စက်ရုံရှေ့ စာကပ်တယ်။ ကျွန်မတို့ကို စက်ရုံထဲ ဝင်ခွင်မပြုတော့ဘူး။ ဒါကြောင့် အလုပ်ဆင်းခွင့်ရဖို့ စက်ရုံဝင်ပေါက်မှာ ထိုင်ပြီး တောင်း ဆိုနေတာ ဒီနေ့အထိပဲ။ စက်ရုံဘက်ကရော၊ အစိုးရဘက်ကရော လာပြီး ညှိပေးတာ မရှိဘူး။ ဘာမှလုပ်ပေး တာမရှိလို့ ချီတက်ဆန္ဒပြဖို့ လုပ်နေတယ်” ဟု ပြောသည်။
စက်ရုံဝန်ထမ်းများအား EC စာချုပ်အသစ် ထပ်မံချုပ်ဆိုမှသာလျှင် အလုပ်ဆင်းခွင့်ပြုမည်ဟု ပါရှိသော အကြောင်းကြားစာများကို ဒီဇင်ဘာ ၁၂ ရက်က စက်ရုံ ၀င်ပေါက်တွင် ကပ်ထားခြင်း ဖြစ်သည်ဟု စက်ရုံ ၀န်ထမ်းများထံမှ သိရသည်။
စာချုပ်ပါအချက်များသည် ကုမ္ပဏီဘက်မှ စိတ်ကြိုက်ရေးဆွဲထားခြင်းကြောင့် စက်ရုံဝန်ထမ်း အများစုက လက်မှတ်မထိုးဘဲ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်တွင် ချုပ်ဆိုထားသည့် အလုပ်ရှင် အလုပ်သမား စာချုပ်အတိုင်းသာ ဆက်လက်လုပ်ကိုင်လိုကြခြင်း ဖြစ်သည်။
စက်ရုံဝန်ထမ်း ဦးမျိုးမောင်မောင်ထက် က “အစိုးရနဲ့ ကုမ္ပဏီ ချုပ်ထားတဲ့စာချုပ်က ပွင့်လင်းမြင်သာမှု မရှိဘူး။ ဘာမှ မသိရဘူး။ အခုကိစ္စက အစိုးရမှာလည်း တာဝန်ရှိတယ်” ဟု ပြောသည်။