ပါတီနှင့် အစိုးရအဖွဲ့များ၏ လယ်သမားတွေ့ဆုံပွဲများ ဖွံ့ဖြိုးရေးအတွက် မဆောင်ရွက်နိုင်ဟု သုံးသပ်

ပါတီနှင့် အစိုးရအဖွဲ့များ၏ လယ်သမားတွေ့ဆုံပွဲများ ဖွံ့ဖြိုးရေးအတွက် မဆောင်ရွက်နိုင်ဟု သုံးသပ်
by -
မဇ္စျိမ

နိုင်ငံရေးပါတီများ၊ အစိုးရအဖွဲ့များက ဆောင်ရွက်သည့် တောင်သူလယ်သမား တွေ့ဆုံပွဲများသည် လယ်သမားတို့၏ ဘဝဖွံ့ဖြိုးရေးအတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဟု လယ်သမားအသင်း၊ စီးပွားရေးပညာရှင် အချို့က သုံးသပ်ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တို့က တောင်သူ လယ်သမားတွေ့ဆုံပွဲများကို တိုင်းဒေသကြီးအချို့တွင် ပြုလုပ်ပြီး လယ်သမားများ၏ ဘဝမြှင့်တင်ရေးအတွက် ဆောင်ရွက်ပေးရန် ကတိအာမခံချက်များ ပေးခဲ့သော်လည်း အမှန်တကယ်တွင် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ဦးသန်းစိုး (ဘောဂဗေဒ) က ပြောသည်။

 ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပဲခူးတိုင်းအတွင်း တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

၎င်းက “တောင်သူလယ်သမားတွေ ဘဝတိုးတက်လာတယ်ဆိုတာကို ပြဖို့ ဘာမှမရှိဘူး။ အမှန်တကယ်တော့ ပါတီစည်းရုံးတာပါပဲ” ဟု ပြောသည်။

အာဏာရပါတီ ပြည်ခိုင်ဖြိုးမှ ပေါ်ပေါက်လာသည့် ဦးသိန်းစိန်အစိုးရ သက်တမ်းတစ်လျှောက် လွှတ်တော်မှ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ဥပဒေတစ်ရပ်နှင့် လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းမှုကြောင့် တောင်သူများနစ်နာမှု မရှိစေရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့သာ ဖွဲ့စည်းပေးနိုင်ခဲ့သည်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ဥပဒေထွက်ရှိပြီး ၁၁ လ ကြာသည်အထိ နည်းဥပဒေ ထွက်ရှိလာခြင်း မရှိသေးသည့်အတွက်လည်း လယ်သမားအခွင့်အရေးဟူသမျှ ဥပဒေနှင့် အတိအကျ ကာကွယ်ပေးနိုင်မှု မရှိသည့်အပြင် ပြီးခဲ့သည့် စစ်အစိုးရ လက်ထက် သိမ်းဆည်းခဲ့သည့် လယ်ယာ မြေများ ပြန်လည်ပေးအပ်ရာမှာလည်း ၂၀၁၄ အတွင်း အပြီး မဖြေရှင်းနိုင်သေးကြောင်း တောင်သူလယ်သမားအသင်း နာယက ဦးမြတ်ဦးကဆိုသည်။

လပွတ္တာမြို့၊ ဘီတွတ်ကျေးရွာနေ လယ်သမား ဦးစိုးကျော်သူက “ကျွန်တော်တို့ ၂၀၁၁ ကလည်း ဧက ၁၀၀ စိုက်တယ် အခုထိပဲ။ ဘယ်လို အာမခံမျိုးမှ မရခဲ့ဘူး၊ ငွေချေးပြီး လုပ်နေရတုန်းပဲ၊ အရင်တုန်းကလိုပါပဲ၊ ထူးထူးခြားခြား ပြောင်းလဲလာတာမျိုးဆိုတာ မရှိပါဘူး။ ပါတီတွေ လူကြီးတွေကတော့ ကတိတွေပေးတာ ၂၀၁၀ ကတည်းက အဲဒီတုန်း ကဟာတွေ အခုထိဖြစ်မလာပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင်ပင် နိုင်ငံခြားသို့ ဆန်စပါးတင်ပို့မှု သိသိသာသာ တိုးတက်လာမှု မရှိခဲ့ကြောင်း ယင်းကြောင့် လယ်သမားများ ဘဝဖွံ့ဖြိုး တိုးတက်မှု ရှိလာသည်ဟု မဆိုနိုင်ကြောင်း ဦးသန်းစိုး (ဘောဂဗေဒ) က သုံးသပ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက “၂၀၁၁ နောက်ပိုင်း လယ်သမားတွေ ဖွံ့ဖြိုးမှုဆိုတာ လက်ဆုပ် လက်ကိုင်ပြဖို့ မရှိပါဘူး” ဟု ပြောသည်။

၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အထိ လယ်ယာထွက်ကုန် တင်ပို့မှုသည် နိုင်ငံထုတ်ကုန်တန်ဖိုး (GDP) ၏ ၃၇ ရာခိုင် နှုန်းအထိ ရှိခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ၃၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ နိုင်ငံတစ်ဝန်း စိုက်ပျိုးနိုင်သည့် မြေဧက ၄၃ သန်းအထိ ရှိသော်လည်း၊ သန်း ၂၀ ကျော်သာ စိုက်ပျိုးနိုင်သည့်အခြေအနေ သာရှိပြီး ကျန်ရာခိုင်နှုန်း ၃၅ ကျော်မှာ စိုက်ပျိုးနိုင်ခြင်း မရှိပေ။

Most read this week