လက်ပံတောင်း ပဋိပက္ခ ဖြေရှင်းပေးရန် တရုတ်သံရုံးရှေ့ ဆန္ဒပြ

လက်ပံတောင်း ပဋိပက္ခ ဖြေရှင်းပေးရန် တရုတ်သံရုံးရှေ့ ဆန္ဒပြ
by -
မဇ္စျိမ

 တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီက အကောင်အထည်ဖော်နေသော လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းတွင် ဒေသခံ များနှင့် ပြေလည်ခြင်းမရှိသေးသည့် ပဋိပက္ခများအပေါ် တရုတ်အစိုးရ အနေဖြင့် ဖြေရှင်းပေး ရန် ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ပြည်ထောင်စု လမ်းမပေါ်ရှိ တရုတ်သံရုံးရှေ့တွင် လူဆယ်ဦးခန့် ဆန္ဒပြခဲ့ကြသည်။

စီမံကိန်းဧရိယာအတွင်းပါဝင်သော လယ်ယာမြေများပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ခြံစည်းရိုးဝင်ခတ်စဉ် ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး လုံခြံုရေးရဲများ၏ ပစ်ခတ်မှုကြောင့် ဒီဇင်ဘာ ၂၂ရက်တွင် ဒေသခံအမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

latpadaung-Demonstration-Chinese-Embassy-1

ဦးဆောင်ဆန္ဒပြသူဖြစ်သည့် ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ကိုဘထူးက “တရုတ် အစိုးရ အနေနဲ့ ပြေလည်အောင် ဖြေရှင်းပေး ဖို့ တောင်းဆိုပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ နိုင်ငံက တရုတ်လူမျိုးတွေ ဒီနိုင်ငံကနေ ထွက်သွားပေးဖို့ ကျွန်တော်ဒီနေရာ ကနေ တောင်းဆိုပါ တယ်” ဟု ဆိုသည်။

ဆန္ဒပြသူများက “သခင်မျိုးဟေ့ တို့ဗမာ” ၊ “ဒီအာဏာရှင် တရုတ်တွေနဲ့ ပေါင်းရင် ဘာနိုင်ငံဖြစ်မလဲ၊ ဖာနိုင်ငံဖြစ်မယ်၊” "လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ဒို့အရေး” စသည်တို့ကို ကြွေးကြော်ခဲ့ပြီး အဝါရောင်စက္ကူများကို မီးရှို့ခဲ့သည်။

သုံးမိနစ်ခန့်အကြာ ဆန္ဒထုတ်ဖော်ပြီးနောက် ဆန္ဒထုတ်ဖော်သူများအနေဖြင့် ထွက်သွားကြသည်။

ဆန္ဒပြသူများအနေဖြင့် တရားဝင်ခွင့်ပြုချက် တောင်းခံခဲ့ခြင်း မရှိသည့်အတွက် ဥပဒေအရ အရေးယူသွားမည်ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဝင်းကြည်က ပြောသည်။

“တရားဝင်တင်ပြ တောင်းခံခြင်း မရှိဘဲနဲ့ သူ့သဘောနဲ့ သူလုပ်တာ ဥပဒေမဲ့ လုပ်လို့မရဘူးလေ။ ဥပဒေနဲ့အညီပဲ လုပ်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၂၂ ရက်က စတင်၍ လက်ပံတောင်းတောင်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် ဒီဇင်ဘာ ၂၃ ရက်ထိ ဖြစ်ပွားနေဆဲ ဖြစ်သည်။